ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးအကျဉ်းထောင်တွင် အမျိုးသမီးဆောင် အရာရှိဒေါ်ဇင်မာ ကြည်အောင် ဦးဆောင်သည့်ထောင်အာဏာပိုင်များက ထောင်ကျခံနေရသည့်နိုင်ငံရေးအကျဉ်းသူများ အာဟာရ ပြတ်လပ်ကာ ကျန်းမာရေးအခြေအနေ ဆိုးရွားစေရန် စနစ်တကျလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အကျဉ်းထောင်အာဏာပိုင်များနှင့် အဆင်မပြေပါပ နိုင်ငံရေးအကျဉ်းသူများ၏ထောင်ဝင်စာများကို ဖြတ်တောက်ကာ လေးပုံတစ်ပုံသာပြန်ပေးကာ ကျန်ဟင်းများကိုရောင်းစားခြင်း၊ အခြေခံစားသောက် ကုန်များကို မတန်တဆဈေးမြှင့်ကာ ရောင်းချခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသူ များအဖွဲ့(WOPP) ထံကသိရသည်။
ထောင်တွင်းအာဟာရပြည့်ဝစွာကျွေးမွေးခြင်းမရှိသည့်အပြင် ယခုကဲ့သို့ထောင်ဝင်စာများကို ကြားဖြတ် သိမ်းခြင်း၊ ဈေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချခြင်းတို့ပြုလုပ်နေပြီး ထောင်ဝင်စာပို့သည့် ဆေးဝါးများကိုပါ အကျဉ်းသူများထံ ပေးအပ်ခြင်းမရှိပဲ ယူဆောင်ထားကြောင်း သိရသည်။
“အာဟာရပြတ်လပ်မှုကြောင့် သေဆုံးတယ်ဆိုတဲ့ အခြေအနေကို အကျဉ်းထောင်အာဏာပိုင်တွေ ဘက်က အဖြစ်မခံဘူး။ ဒါပေမယ့် အာဟာရမပြည့်ဝတဲ့ အစားအစာတွေကိုကျွေးတာ၊ ထောင်ဝင် စာပါဆယ် ကန့်သတ်တာ၊ နေ့စဉ်သုံးဆေးဝါးတွေ ထောင်ဝင်စာ သွင်းခွင့်မပေးတာတွေကြောင့် ကိုယ်ခံ အားတဖြည်းဖြည်းကျဆင်းလာကြတယ်။ ဒီအပေါ်မှာ နေပူမိုးရွာမရှောင်၊ အချိန်ကန့်သတ်မှုမရှိ အလုပ် ကြမ်းစေခိုင်းမှုကလည်းရှိနေတော့ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေက ဖြစ်နေတာပါ” ဟု WOPP အဖွဲ့အစည်းတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အကျဉ်းထောင်မှပေးသည့် ဆေးဝါးများကိုလည်း ဒေါ်ဇင်မာကြည်အောင်မှ စီမံခန့်ခွဲနေပြီး လက်ရှိတွင် နိုင်ငံရေးအကျဉ်းသူများကို မည်သည့်ရောဂါဖြစ်စေကာမူပေးနေကြ ပါရာစီတမော ကဲ့သို့ဆေးပင်ပေး ခြင်းမပြုတော့ပဲ B1 တမျိုးတည်းသာပေးကာ တစ်ကိုယ်ရည်သုံးပစ္စည်းများပိတ်ပင်ထားသည့်အတွက် ဖြစ်ပွားနေသည့် အရေပြားရောဂါအမျိုးမျိုးအတွက်လည်း ဆေးဝါးများ ပေးခြင်းမရှိကြောင်း သိရသည်။
ထိုသို့အကျဉ်းထောင်အတွင်း အယောင်ပြဆေးကုသမှုပေးခြင်း၊ ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိခြင်း၊ ဆေးကုသခွင့် ပိတ်ပင်ခြင်းများကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူအရေအတွက်မှာ ၄၀ ဦး ဝန်းကျင်ရှိလာပြီဖြစ်ကြောင်းလည်း သိရသည်။
“သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ထုတ်ပြန်ချက်တွေ ထုတ်တယ်။ ဖိအားပေးလုပ်ဆောင်မှုတွေ လုပ်တယ်။ ဒါပေမယ့် အကျဉ်းထောင်အာဏာပိုင်တွေကို တိုက်တွန်းမှုတွေ လုပ်ဆောင်တယ်။ ဒါပေမယ့် အရေးယူမှု တစုံတရာမရှိသေးပါဘူးရှင်” ဟု WOPP တာဝန်ရှိသူက ဆက်လက်ပြောသည်။
ထိုသို့ နိုင်ငံရေးအကျဉ်းသူများကို ထောင်တွင်းဥပဒေနှင့်မညီသည့်အလုပ်ကြမ်းများခိုင်းစေကာ အစာ အာဟာရပြတ်လပ်စေရန်လုပ်ဆောင်နေသူများမှာ ဦးစီးအရာရှိဒေါ်ဇင်မာကြည်အောင်၊ နှစ်ပွင့်အရာရှိ ဒေါ်စန်းနွယ်ဦး၊ တစ်ပွင့်အရာရှိ ဒေါ်သက်သက်ဇင် ဒေါ်သဇင်မြင့် ဒေါ်သန္တာစိုး ဒေါ်တင်ဇာခိုင်နှင့် အခြား အမျိုးသမီးဆောင်ဝန်ထမ်းတို့မှာ အဓိကတာဝန်ရှိသူများဖြစ်ကြောင်း WOPP ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်