ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်

 

စစ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထူးခြားကျေပွန် အောင်မြင်စွာ ထမ်းဆောင်ခဲ့သည့် ရဲဘော် ၁,၇၉၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့နှင့် ဆုတံဆိပ်များ ချီးမြှင့်လိုက်ကြောင်း သိရသည်။

 

NUG အနေဖြင့် ရဲဘော်များ၏ ပေးဆပ်မှု၊ စွန့်လွှတ်မှုနှင့် အမှုထမ်းဆောင်မှုတို့ကို အလေးအမြတ် ပြုလျက် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့နှင့် ဆုတံဆိပ် ငါး မျိုးကိုလည်း အမြင့်ဆုံး အသိအမှတ်ထား၍ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပြီး အဆင့်ဆင့်စိစစ်ကာ အတည်ပြုရွေးချယ်ထားကြောင်း ယနေ့စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါဘွဲ့၊ ဆုတံဆိပ် ငါး မျိုးမှာ ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (HPR) ၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ၊ ပြည်သူ့ဇာနည်ဆု (PMNS)၊ ပြည်သူ့သားကောင်းဆု (PMLS) ၊ တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် (BRS) တို့ဖြစ်သည်။

 

သူရဲကောင်းဘွဲ့နှင့် ဆုတံဆိပ်ချီးမြှင့်ခံရသူ ၁,၇၉၂ ဦးတွင် ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) တစ် ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ၁၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ၈၁ ဦးနှင့် တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် (BRS) ၄၂ ဦး တို့ဖြစ်ကြောင်း သိရသည်။

 

NUG အနေဖြင့် ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ရေး လုပ်ငန်းစဉ်ကို အဆင့်သုံးဆင့်ဖြင့် စိစစ်လုပ်ဆောင်ထားပြီး ပထမအဆင့်အဖြစ် အဆိုပြုလွှာများအား ကွပ်ကဲမှုအဆင့်အလိုက် စိစစ်တင်ပြ၍ ကာကွယ်ရေးဝန်ကြီး ဌာနအတွင်း ကနဦး စိစစ်ရွေးချယ်မှုများကို ဒုတိယအဆင့်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် တတိယအဆင့်အဖြစ် “စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ်” စိစစ်ရွေးချယ်ရေး ကော်မတီမှ ကာကွယ်ရေးဝန်ကြီးဌာန၏ ကနဦး စိစစ်ရွေးချယ်မှုအပေါ် ထပ်ဆင့်စိစစ်၍ အတည် ပြုရွေးချယ် ချီးမြှင့်ခြင်းဖြစ်ကာ နှစ်အလိုက် ယင်းအစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က အသိပေးထားသည်။

 

ဓာတ်ပုံ – NUG