ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်

 

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့သို့ ပျံသန်းလာသည့် ဗီယက်နမ် လေကြောင်းလိုင်း (Vietnam Airlines) ခရီးစဉ်အတွင်း ဗီယက်နမ် အမျိုးသမီးတစ်ဦး လေယာဉ်ပေါ်၌ ရုတ်တရက် မီးဖွားခဲ့သဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်က ကိုပင်ဟေဂင်မြို့မှ ထွက်ခွာလာသည့် လေယာဉ်ပေါ်တွင် ပျံသန်းချိန် ၁၀ နာရီခန့်အကြာ၌ ဗီယက်နမ် ခရီးသည် အမျိုးသမီး မွေးလူနာမှာ ရုတ်တရက် ဝမ်းနာလာခဲ့ခြင်း ဖြစ်သည်။

 

ယင်းနောက် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျန်းမာရေး ကျွမ်းကျင်သူ ငါး ဦးနှင့် လေယာဉ် အဖွဲ့ဝင်များ ပူးပေါင်းကူညီမှုဖြင့် အဆိုပါ အမျိုးသမီးမှာ ကလေးငယ်ကို ဘေးကင်းစွာ မီးဖွားနိုင်ခဲ့ ကြောင်း ဗီယက်နမ် သတင်းဌာန VOV တွင် ဖော်ပြထားသည်။

ထိုသို့ မီးဖွားပြီးနောက် မိခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေအား အသေးစိတ် ဆေးစစ်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း လေယာဉ်အဖွဲ့ဝင်များက သုံးသပ်ခဲ့ကြသဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရေးပေါ် ဆင်းသက်ရန် လမ်းကြောင်း ပြောင်းလဲခဲ့ရခြင်း ဖြစ်သည်။

 

ဗီယက်နမ် လေကြောင်းလိုင်းသည် မြန်မာနိုင်ငံရှိ မြေပြင်ဝန်ဆောင်မှု အဖွဲ့များ၊ လေဆိပ် အာဏာပိုင်များနှင့် ညှိနှိုင်းပြီးနောက် မိခင်နှင့် ကလေးကို ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပ ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကာ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် အဆိုပါ လေယာဉ်အမှတ် VN38 မှာ စက်တင်ဘာ ၆ ရက် မြန်မာစံတော်ချိန် နံနက် ၃ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မှ ဆက်လက် ထွက်ခွာခဲ့ရာ ထိုနေ့ နံနက် ၆ နာရီ ၅ မိနစ်တွင် ဟိုချီမင်းမြို့၊ တန်ဆွန်နက် (Tan Son Nhat) အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။

 

ယခုကဲ့သို့ မမျှော်လင့်ဘဲ ခရီးစဉ် လမ်းကြောင်း ပြောင်းလဲခဲ့ရခြင်းမှာ ခရီးသည်၏ ကျန်းမာရေးနှင့် လုံခြုံရေးကို အဓိက ဦးစားပေးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဗီယက်နမ် လေကြောင်းလိုင်းက ထုတ်ပြန် ထားသည်။

 

အလားတူ လေကြောင်းလိုင်း အနေဖြင့် ခရီးသည်များ အနေဖြင့် ခရီးစဉ် တစ်ခုစီ မစတင်မီ မိမိတို့၏ ကျန်းမာရေး အခြေအနေကို သေချာစွာ စောင့်ကြည့် စစ်ဆေးကြရန်၊ ပုံမှန်မဟုတ်သည့် ဝေဒနာများ ခံစားရပါက ဆရာဝန်များနှင့် ကြိုတင် တိုင်ပင်ဆွေးနွေးပြီးမှ လေကြောင်းခရီးဖြင့် သွားရောက်သင့် မသင့် ဆုံးဖြတ်ကြရန် အကြံပြု တိုက်တွန်းထားသည်။

 

ဓာတ်ပုံ – VOV / Social Media
ကိုးကား-VOV
Ref: Vietnam Airlines flight diverts to Myanmar after passenger gives birth