(သား ၃ ဦးလုံး စစ်မှုထမ်းခေါ်ဆောင်ခံရ၍ TikTok တွင် အကူအညီတောင်းခံခဲ့သူ မိခင်ကို စစ်တပ်က နေအိမ်အထိ လာရောက်ဖမ်းဆီးခြင်းဖြစ်)
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် သားဖြစ်သူ ပေါ်တာဆွဲ ခေါ်ဆောင်ခံရမှုနှင့် ပတ်သက်၍ အကူအညီတောင်းခံသည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက် TikTok ပေါ်သို့ လွှင့်တင်ခဲ့သည့် မိခင်ဖြစ်သူ ဒေါ်ခင်ဌေးမြင့် (ခ) ဒေါ်ဌေးသည် ဗီဒီယိုဖိုင်တင်ပြီး နောက်တစ်ရက်၌ပင် နေအိမ်၌ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
ဒေါ်ခင်ဌေးမြင့်သည် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်က ၎င်း၏ TikTok အကောင့်မှတစ်ဆင့် မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသည့် သားဖြစ်သူအား စစ်တပ်မှ ဗိုလ်မှူးအောင်မင်း ဆိုသူကိုယ်တိုင် လာရောက်ခေါ်ဆောင်ကာ ပြည်သူ့စစ်တပ်ဖွဲ့အတွင်းသို့ အဓမ္မ ထည့်သွင်းသွားကြောင်း၊ မိသားစုတွင် သား သုံး ဦးရှိသည့်အနက် နှစ် ဦးမှာ စစ်မှုထမ်းနေပြီး ကျန်ရှိသည့် မိသားစုကို လုပ်ကျွေးနေသူ သားငယ်ပါ ထပ်မံခေါ်ဆောင်ခံလိုက်ရခြင်းဖြစ်၍ ကူညီပေးကြပါရန် အကူအညီတောင်းခံထားသည့် ၅၉ စက္ကန့်စာ ရုပ်သံဖိုင်တစ်ခုကို လွှင့်တင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက် စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် ဒက္ခိဏသီရိစက်မှုဇုန်နှင့် လယ်ဝေးမြို့နယ်အစပ်၊ ချမ်းသာကြီးရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောသည်။
“မနေ့ညနေပိုင်းမှာ အဲဒီအစ်မကြီးကို လာဖမ်းသွားတာပါ။ ဒက္ခိဏသီရိစက်မှုဇုန်နဲ့ လယ်ဝေး ချမ်းသာကြီး ရပ်ကွက်က နေအိမ်မှာ လာဖမ်းတာ။ သူတို့က ပခုက္ကူဘက်ကနေ ပြောင်းလာကြတာ” ဟု လယ်ဝေးဒေသခံ က ဆိုသည်။
ရွေးတုသမ္မတအသွင်ပြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ၂၀၂၄ ခုနှစ်တွင် အသက်သွင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များအရ ပြုစုစောင့်ရှောက်မည့်သူမရှိသည့် မိအိုဖအိုများကို လုပ်ကျွေးပြုစုနေသူများအနေဖြင့် စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် သို့မဟုတ် ရွှေ့ဆိုင်းခွင့်ရှိ ကြောင်း ပါရှိသော်လည်း မြေပြင်တွင် ကွဲလွဲကာ အဓမ္မ စုဆောင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တပ်ထောက်ခံသည့် တယ်လီဂရမ် ချန်နယ်အချို့တွင် ယင်းဖြစ်စဉ်မှာ တပ်မတော်ကို အပုပ်ချရေးသားခြင်းဖြစ်ကြောင်း တုံ့ပြန်ထားပြီး ဒေါ်ခင်ဌေးမြင့်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူရန် ရေးသားဖော်ပြထားသည်။
ပုံစာ-သား ၃ ဦးလုံး စစ်မှုထမ်းခေါ်ဆောင်ခံရ၍ TikTok တွင် အကူအညီတောင်းခံခဲ့သူ ဒေါ်ခင်ဌေးမြင့်။