ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် နံနက်ခင်း အိမ်ရှေ့ထွက်ဆွမ်းလောင်းနေသည့် ရွေးတုအစိုးရလက် အောက်ခံ ဒုတိယရဲမှူးတစ်ဦး၏ ဇနီးဖြစ်သူထံမှ ရွှေဆွဲကြိုးအား နေအိမ်အတွင်းထိ ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့သည်။

ဒုတိယရဲမှူး၏ ဇနီးဖြစ်သူသည် ယမန်နေ့ စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီခန့်က ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၆၇ လမ်းနှင့် ၆၈ လမ်းကြားတွင် ဆွမ်းလောင်းလှူပြီးနောက် နေအိမ်အတွင်းသို့ အဝင်၌ ဆိုင်ကယ်ဖြင့် စောင့်ဆိုင်းနေသူက အိမ်အထဲထိ ဝင်ရောက်ကာ ဝတ်ဆင်ထားသည့် သုံး ကျပ်သားခန့်ရှိ ရွှေဆွဲကြိုးကို လုယူထွက်ပြေးသွားခြင်း ဖြစ်သည်။

“ဆွမ်းလောင်းပြီး အိမ်ထဲအဝင်မှာ လုခံလိုက်ရတာ။ မနက်ခင်း အစောပိုင်း ဆွမ်းလောင်းချိန်ဆိုတော့ လမ်းမှာလူရှင်းနေတာကို စောင့်ကြည့်ပြီးမှ အခွင့်ကောင်းယူ လုသွားတာမျိုးပါ” ဟု ဖြစ်စဉ် ဖြစ်ပွားရာ အနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ် ပြောသည်။

အဆိုပါ ရွှေဆွဲကြိုး လုယက်ခံရမှု ဖြစ်စဉ်နှင့် ပတ် သက်၍ သက်ဆိုင်ရာ အမှတ် (၃) နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်အတွင်းတွင် ခိုးမှု၊ လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ရဲအရာရှိနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ဆိုင်ကယ်၊ စက်ဘီးများပါ ခိုးယူခံနေရကြောင်း မြို့ခံများထံမှ သိရသည်။