ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်
ရန်ကုန်ရှိ မြို့နယ်အသီးသီးတွင် စစ်တပ်၏ တပ်ဖွဲ့ဝင်များနှင့် ရဲများသည် အရပ်ဝတ်၊ အိမ်စီးကားများကို အသုံးပြု၍ လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တင်ပေါ်တာဆွဲ ဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြုလုပ် လာနေကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက် နံနက် ၇ နာရီခန့်က မြောက်ဒဂုံမြို့နယ်၊ ကပရ မှတ်တိုင်အနီး သခင်ဗဟိန်းလမ်းပေါ်တွင် သွားလာနေသည့် လူငယ် နှစ်ဦးကို Lite Truck ကားဖြင့် ရဲနှင့် အရပ်ဝတ် များက ကားပေါ်သို့ ဆွဲတင်ဖမ်းဆီးသွားကြောင်း Rangoon scout network(RSN) ထံမှ သိရသည်။
ထို့အပြင် ယင်းနေ့ ည ၇ နာရီခန့်တွင်လည်း တောင်ဒဂုံမြို့နယ်၊ (၆၉) ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းပေါ်ရှိ လူငယ် နှစ် ဦးကို လူတစ်စုက ကားပေါ်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ရပ်ကွက် နေပြည်သူများက ဝင်ရောက်၍ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း လွှတ်မပေးခဲ့ကြောင်း သိရ သည်။
အလားတူ စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ကလည်း တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် (၂) ဆီဆိုင်ဘက်သို့ အိမ်စီးကားများဖြင့် အရပ်ဝတ်များ ရောက်ရှိလာပြီး လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီး သွားခဲ့သည်ဟု ဆိုသည်။
သုဝဏ္ဏနယ်မြေရဲစခန်းမှ နယ်ထိန်းများနှင့် လက်အောက်ခံအဖွဲ့များသည် ညစဉ် ကင်းလှည့်ရာတွင် မသင်္ကာဖွယ် အိမ်စီးကားများကို အသုံးပြု၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေပြီး အချို့ ရပ်ကွက် များတွင် ပျူစောထီးအဖွဲ့ဝင် ဘေးတွဲသမားများပါ ပူးပေါင်းပါဝင်ကူညီပေးနေကြောင်း ဒေသခံ များထံမှ သိရသည်။ ယင်းသို့ ဖမ်းဆီးရမိသူများကို ရဲစခန်းနှင့် အချုပ်ခန်းများတွင် ချုပ်နှောင်ထားပြီး ထွေအုပ်သို့ ဆက်လက် ရောင်းစားနေကြောင်းလည်း ဒေသခံများက ဆိုသည်။
ရန်ကုန်တိုင်းတွင် ယခုရက်သတ္တပတ်အတွင်း မတရား ဖမ်းဆီးခံရသူများအနက် ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ တောင်ဒဂုံ၊ သန်လျင်၊ ဒေါပုံနှင့် စမ်းချောင်း စသည့် မြို့နယ် ၉ မြို့နယ်မှ လူ ၂၆ ဦး ရှိကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးခံရသူများတွင် ကားလမ်းမဘေး သွားလာနေစဉ် ဖမ်းခံရသူ ၂၄ ဦးနှင့် နေအိမ်အထိ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခံရသူ နှစ် ဦး ပါဝင်သည်။
ထို့ပြင် ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက်နှင့် ၂၃ ရက်နေ့များကလည်း လူငယ် ကိုး ဦး ဖမ်းဆီးခံခဲ့ရပြီး ကားလမ်း မဘေး သွားလာနေစဉ် ဖမ်းဆီးခံရသူ ရှစ် ဦးနှင့် အလုပ်ဖြင့် မျှားခေါ်ကာ ဖမ်းဆီးခံရသူ တစ် ဦးတို့ ဖြစ်ကြောင်း Rangoon Scout Network ၏ စစ်တမ်းများအရ သိရသည်။
ထို့ကြောင့် မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းနှင့် သာကေတ စသည့် မြို့နယ်များအတွင်းရှိ ကားမှတ်တိုင်များတွင် ရပ်နေခြင်း၊ ညနက်မှ အပြင်ထွက်ခြင်းနှင့် လူပြတ်သောနေရာများသို့ သွားလာ ခြင်းများကို အထူးသတိပြုကြရန် သတိပေးချက်များ ရှိနေပြီး လူငယ်များအနေဖြင့် လိုအပ်ခြင်းမရှိဘဲ အပြင်မထွက်ရန်နှင့် ဂရုစိုက်ရန် တိုက်တွန်းထားသည်။