ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် (အနောက်ခြမ်း)၊ ဇီးဖြူကုန်းကျေးရွာအုပ်စုတွင် ရွေးတုအစိုးရခန့် အုပ်ချုပ်ရေးမှူး ဦးအေးမင်းအောင်နှင့် အပေါင်းအပါအဖွဲ့သည် မြန်မာ့မီးရထားပိုင်မြေများကို အကွက်ရိုက်၍ ဆိုင်ခန်းများ ဆောက်လုပ်ရောင်းစားနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။
ဇီးဖြူကုန်းရွာမဘူတာအနီးရှိ မီးရထားပိုင်မြေကို ဘက်ဟိုးများဖြင့် မြေဖို့ပြီး ငါးတောင် အကျယ်အဝန်းရှိ ဆိုင်ခန်းတစ်ခန်းလျှင် ၁၄ သိန်းကျပ် ဖြင့် ဈေးကွက်ရိုက်ရောင်းချနေခြင်းဖြစ်သည်။

“အေးမင်းအောင်က တော်တော်ဆိုးနေတာ၊လက်နက်ကိုင်ထားတော့ ပြည်သူတွေကလဲ မတတ်သာလို့သာ ငြိမ်နေကြရတာ။ ရွာအကျိုးအတွက် ဘယ်တော့မှ သုံးမှာမဟုတ်ဘူး၊ ကိုယ်ကျိုးရှာသမားတွေပါ” ဟု လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဆိုင်ခန်းဆောက်လုပ်ရေးကို ကျော်ကြီး (ခ) ရဲကျော်စွာဝင်း (ဘ) ဦးလှိုင်ဝင်း (ခ) ဦးလှိုင်ထွန်း က တာဝန်ယူဆောက်လုပ်ပေးနေပြီး လက်ရှိတွင် ၁၄ ခန်းတွဲ ဆိုင်ခန်းများကို စတင်ဆောက်လုပ်နေကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိတွင် ဆိုင်ခန်း စုစုပေါင်း ၇၅ ခန်းအထိ ရှိလာမည်ဖြစ်ရာ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၁,၀၀၀ကျော်အထိ ရှိကြောင်း ဒေသခံများက ဆိုသည်။

“ဒီ မြေနေရာအနီး ကပ်လျက်နေထိုင်တဲ့ ဦးသိန်းထွန်း အပါအဝင် ၁၃ ဦးနဲ့ ကော်မတီဖွဲ့တယ်။ ရတဲ့ အကျိုးအမြတ်ကို ကျေးရွာအတွက်သုံမယ်ပြောခဲ့တယ်။ အခုကြတော့ အုပ်ကြီးက ဘယ်သူ့မှ မတိုင်ပင်ဘဲ ကိုယ်ပိုင်မြေလို ဆိုင်ခန်း၊ ရေချိုးခန်း၊ အိမ်သာတွေဆောက်ပြီး ကိုယ်ကျိုးရှာနေတော့တာပဲ။ စစ်မှုထမ်းကြေးတွေပါကောက် အစုံပါပဲ လုပ်စားနေတာ” ဟုဒေသခံတစ်ဦးကဆက်လက်ပြောကြားသည်။
ဇီးဖြူကုန်းအုပ်စု၌ စစ်မှုထမ်းကြေးအဖြစ် အိမ်ခြေ ၁,၀၀၀ ကျော်ထံမှ တစ်အိမ်ထောင်လျှင် နှစ်သောင်းကျပ်အထိ တောင်းယူသည့်အပြင် အားကစားကြေးအတွက်ဟုဆို၍ တစ်အိမ်ထောင်လျှင် ၅,၀၀၀ ကျပ်စီ တောင်းယူကြောင်း သိရသည်။
ထို့ပြင် ဇီးဖြူကုန်းအုပ်စုရှိ တောင်သူများထံကလည်း လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ (၇) စာရွက်တစ်ရွက်လျှင် ၂၅,၀၀၀ ကျပ်တောင်းယူကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-အုပ်ချုပ်ရေးမှူး ဦးအေးမင်းအောင် အကွက်ရိုက်ရောင်းစားနေသည့် မီးရထားပိုင်မြေ