ဧရာဝတီတိုင်းမ်
(တီးတိန်)၊ စက်တင်ဘာ ၂ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ချောင်းရေမြင့်တက်မှုကြောင့် Maranatha (AG) ခရစ်ယာန် ဘုရားကျောင်း အပါအဝင် နေအိမ်အချို့ ရေစီးထဲ မျောပါပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ခိုင်ကမ်းမြို့တွင် ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့သဖြင့် ကွဲချောင်းရေ ရေကြီးရေလျှံဖြစ်ကာ ချောင်းရေတိုက်စားမှုကြောင့် ဘုရားကျောင်း အပါအဝင် နေအိမ်အချို့ ရေစီးထဲ မျောပါသွားခြင်းဖြစ်သည်။

“မိုးအဆက်မပြတ် ၃ ရက်လောက် ရွာပြီးတော့ တောင်ကျရေကြောင့် ရုတ်တရက် ရေကြီးတာ။ ကြိုတင်ပြင်ဆင် ပြောင်းရွှေ့ချိန် မရလိုက်ဘဲ ရေစီးထဲ မျောပါသွားတာပါ။ ဘုရားကျောင်းတစ်ကျောင်းနဲ့ နေအိမ် နှစ် အိမ်၊ သုံး အိမ်လောက် အပါခံလိုက်ရတယ်” ဟု ခိုင်ကမ်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ခိုင်ကမ်းမြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ချောင်းရေကြီး ရေလျှံမှုကြောင့် ရေဝင်ရောက် မြှုပ်နှံခဲ့သဖြင့် ပြည်သူများ အရေးပေါ် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

“အနိမ့်ပိုင်းမှာ ရေတွေဝင်ပြီး နေအိမ်တွေ မြှုပ်တယ်။ ပစ္စည်းတွေရွှေ့ပြီး လူတွေ အမြင့်ပိုင်းမှာ အရေးပေါ် ယာယီပြောင်းရွှေ့ကြရတယ်။ ချောင်းရေတိုက်စားလို့ မြို့ထဲက လမ်းတွေနဲ့ တံတားတချို့ ပြိုကျပျက်စီးသွားတယ်” ဟု အဆိုပါ မြို့ခံက ဆက်လက်ပြောသည်။
အလားတူ တီးတိန်မြို့နယ်၊ ကိမ်လိုင်ကျေးရွာတွင်လည်း နတ်တံခါး ချောင်းရေကြီး ရေလျှံမှုဖြစ်ပွားကာ လမ်း၊ တံတားများ ပြိုကျပျက်စီးခဲ့သဖြင့် ကျေးရွာ ၃ ရွာ ဆက်သွယ်ထားသည့် လမ်းကြောင်း ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
ပုံစာ- ခိုင်ကမ်းမြို့ ချောင်းရေမြင့်တက်မှုမြင်ကွင်း၊