ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်

 

မြန်မာ – အိန္ဒိယနယ်စပ် ချင်းစစ်ဘေးရှောင် အများစုနေထိုင်သည့် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တွင် စစ်ဘေးရှောင်နှင့် နိုင်ငံခြားသားများကို အိမ်ငှားရမ်းခွင့်ကို ကန့်သတ်လိုက်ကြောင်း ချင်းစစ်ဘေးရှောင်များထံမှ သိရသည်။

 

လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူး Pu Donny Lalruatsanga ဦးဆောင်မှုဖြင့် သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တရားဥပဒေစိုးမိုးရေး အစည်းဝေးတွင် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုအစည်းအဝေး ဆုံးဖြတ်ချက်အရ ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ လောင်တလိုင်ခရိုင်ရှိ နေအိမ်နှင့် ဟိုတယ်များတွင် စစ်ဘေးရှောင်နှင့် နိုင်ငံခြားသားများအနေဖြင့် အိမ်ငှားရမ်းခွင့် ရရှိတော့မည် မဟုတ်ကြောင်း သိရသည်။

“ခရိုင်ရုံးက တရားဝင်ထုတ်ပြန်တာ မရှိသေးပေမဲ့ အစည်းအဝေးမှာတော့ စစ်ဘေးရှောင်တွေ၊ နိုင်ငံခြားသားတွေ အိမ်ငှားရမ်းတာ ခွင့်ပြုမှာ မဟုတ်ဘူးလို့ပြောတယ်”ဟု လောင်တလိုင်ခရိုင်ရှိ ချင်းစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လောင်တလိုင်ခရိုင်သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့်ထိစပ်လျက်ရှိပြီး ချင်းစစ်ဘေးရှောင်များအများစု နေထိုင်ကြသလို ရခိုင်ကုန်သည်များ အဓိက ကုန်ကူးသည့်နေရာလည်းဖြစ်သည့်အတွင် ၎င်းတို့ အနေဖြင့် စိုးရိမ်နေ​ကြောင်း သိရသည်။

 

“စစ်ဘေးရှောင်တွေကို တကယ်လို့ အိမ်ငှားဖို့ မပေးဘူးဆိုရင် နေဖိုင်ထိုင်ဖို့အတွက် အခက်အခဲရှိလာနိုင်သလို ချင်းပြည်နယ်ဘက် တိုက်ပွဲတွေဖြစ်ရင် နောက်ထပ် ဝင်လာမယ့်စစ်ဘေးရှောင်တွေလည်း ဒုက္ခရောက်နိုင်တယ်”ဟု လောင်တလိုင်ခရိုင်ရှိ ချင်းစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လောင်တလိုင်ခရိုင်အတွင်း မြန်မာ ဒုက္ခသည် ၆,၃၂၈ ဦး ခိုလှုနေထိုင်လျက်ရှိကြောင်း ဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန၏ မှတ်တမ်းများအရ သိရသည်။