ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင် Express ယာဉ်တစ်စီး လမ်းဘေးသို့ တိမ်းမှောက် မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅ အနီးတွင် ယနေ့ စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီ ၆ မိနစ်ခန့်က ခရီးသည်တင် Express ယာဉ်တစ်စီး တိမ်းမှောက်နေ၍ လှည်းကူးမြို့နယ် မီးသတ်စခန်းနှင့် ၁၁ မိုင် အမြန်လမ်း မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ယာဉ် နှစ်စီးဖြင့် အရေးပေါ် သွား ရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

တိမ်းမှောက်ခဲ့သည့် ခရီးသည်တင် Express ယာဉ်ပေါ်တွင် အမျိုးသား ၁၄ ဦး၊ အမျိုး သမီး ၁၃ ဦး စုစုပေါင်း ၂၇ ဦး လိုက်ပါလာခြင်းဖြစ်ပြီး ယင်းအနက် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ရှစ် ဦး စုစုပေါင်း ၂၂ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ကြက်ခြေနီအသင်း သူနာတင်ယာဉ်များဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ် သည့် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – MFS