ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၄၅ နှင့် ၁၅၂ အနီး အနောက်ဘက်တစ်ကြောတွင် စစ်တပ်နှင့် တောင်ငူခရိုင် တော် လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ သုံးရက်ဆက်တိုက် ပြင်းထန်လျက်ရှိသည်။
စစ်တပ်သည် လေတပ်ဌာနချုပ်အနီးတွင် လက်နက် ကြီးစခန်းတစ်ခု အခိုင်အမာခြေကုပ်ယူထားပြီး ယင်းစခန်းမှတစ်ဆင့် အနောက်ဘက်ခြမ်းသို့ လက်နက် ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
“ဩဂုတ် ၃၀ ရက်ကဆိုရင် မနက်ပိုင်းကနေ နေ့လည်ပိုင်းအထိ စစ်တပ်က လက်နက်ကြီးနဲ့ အနောက်ဘက်ကိုဆက် တိုက်ပစ်နေတာ။ ခပေါင်းချောင်းဖျားဘက်ကိုပစ်ခတ်ခဲ့တာပါ။ ဒေသခံတွေအရေးပေါ်တိမ်း ရှောင်နေရတယ်။ မြေပြင်ထိတွေ့တိုက်ပွဲကတော့ ပြင်းထန်နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းမှစ၍ စစ်တပ်သည် အင်အား ၃၀၀ ကျော်အသုံးပြုကာ အမြန်လမ်းဘေး ဝက်ခေါက်စိန်၊ ကညင်မြောင်နှင့် စပါးကြွယ် ကျေး ရွာအုပ်စုများအတွင်းရှိ မြပင်ကူး၊ ကညင်မြောင်၊ သရက်ပင်ကုန်းနှင့် ဖောင်ဆိပ်စသည့် ကျေးရွာများအတွင်းသို့ စစ်ကြောင်းဝင်ရောက်လာခြင်းဖြစ်သည်။
စစ်ကြောင်းထိုးစဉ်အတွင်း စစ်တပ်သည် လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အပြင် လေ တပ်ဌာနချုပ်အနီးမှ လက်နက်ကြီးစခန်း၏ ဆက် တိုက်ပစ်ကူမှုများကြောင့် ဒေသခံပြည်သူအများအပြားမှာ အရေးပေါ် ထွက်ပြေးတိမ်း ရှောင်နေကြရသည်။
လက်ရှိတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ အရှိန်မြင့်နေဆဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံး ထိခိုက်မှုများပြားသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ထိခိုက်ကျဆုံးမှုရှိကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲနယ်မြေသည် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လေတပ်ဌာနချုပ်စသည့် အဓိကစစ်ရေးဗဟိုချက်များနှင့် နီးကပ်စွာ တည်ရှိနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအထူးသတိထား လှုပ်ရှားနေရသည်ဟုဆိုသည်။
တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့်အတွက် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၄၅ နှင့် ၁၅၂ အကြား ဖြတ်သန်းသွားလာမည့် ခရီးသွားပြည်သူများအနေဖြင့် လုံခြုံရေးအထူးဂရုပြုကြရန် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက နှိုးဆော်ထားသည်။