ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်

 

မုတ်သုံလေ အားကောင်းမှုနှင့်အတူ မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းနေသဖြင့် လာမည့်တစ်ပတ် အတွင်း တိုင်းနှင့် ပြည်နယ်အများအပြား၌ မိုးဆက်လက် ကြီးနိုင်ပြီး မြစ်အချို့တွင်လည်း စိုးရိမ်ရေမှတ် ကျော်လွန်ကာ မြစ်ရေ ဆက်လက် မြင့်တက်နေနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။

 

ပဲခူးမြစ်ရေသည် ယနေ့ နံနက်ပိုင်းမှစတင်ကာ ရန်ကုန် – ပဲခူး အဝေးပြေးလမ်းမကြီးပေါ်သို့ ရေရောက်ရှိ လာပြီး မြေနိမ့်ပိုင်းရပ်ကွက်များထဲရေဝင်ရောက်လျက်ရှိကြောင်း လူမှုကူညီရေးဆောင်ရွက် သူများထံမှ သိရသည်။

 

 

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာထက် ကျော်လွန်ကာ ၉၁၇ စင်တီမီတာသို့ ရောက်ရှိနေသဖြင့် လာမည့်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။

“ဇိုင်းတောင်ဘက် ရေဝင်နေတယ်။ အနိမ့်ပိုင်းနေရာတွေဆို ပေါင်လောက် ရေရှိတယ်။ မြစ်ရေတက်လို့ ရေနည်းနည်းဝင်တာပဲရှိပြီး အရမ်းကြီး မမြှုပ်သေးပါဘူး။ အရင်နှစ်နှစ်က ရေတက်သလိုတော့ မဆိုးလောက်သေးဘူး။ မိုးဆက်ရွာရင်တော့ အခု ရေတက်နေတဲ့ ကားလမ်း မြှုပ်မယ်ထင်တယ်” ဟု ပဲခူးမြို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

စက်တင်ဘာ ၁ မှ ၆ ရက်အထိ တိုင်းနှင့်ပြည်နယ်တို့ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည် ဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်နေရာကွက်၍ မိုးကြီး နိုင်ကြောင်း သိရသည်။

 

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း တို့ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများနှင့် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများ အထူးသတိပြုရန် မိုး/ဇလက အသိပေးထားသည်။

 

ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် လာမည့်တစ်ရက်အတွင်း ၃ ပေ ၄ လက်မခန့်မြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိမည်ဖြစ်သည်။ ထို့ပြင် မုံရွာမြို့တွင် စိုးရိမ်ရေမှတ်အောက် ၄ ပေ ၁၀ လက်မခန့် အလိုတွင်ရောက်ရှိနေသဖြင့် လာမည့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် စိုးရိမ်ရေမှတ်အောက် ၄ ပေ ၅ လက်မခန့်အလိုရောက်ရှိနေကာ လာမည့် တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်သည်။

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာမှ ၈၆၃ စင်တီမီတာ ရောက်ရှိနေသဖြင့် လာမည့်တစ်ရက် ၃ လက်မခန့်ကျဆင်းလာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်ဆက်လက် တည်ရှိမည်ဖြစ်ကြောင်း မိုး/ဇလ ထံမှ သိရသည်။

 

ပဲခူးတိုင်းအတွင်းရှိ မဒေါက်မြစ်ရေသည် မဒေါက်မြို့တွင် လာမည့်တစ်ရက်အတွင်း ၆ လက်မခန့် ကျဆင်းကာ စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနေ၍ ရွှေကျင်မြစ်ရေသည်လည်း ရွှေကျင်မြို့တွင် လာမည့်တစ်ရက်အတွင်းစိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းမည်ဖြစ်ကြောင်းသိရသည်။

 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ အထိ ရှိနိုင်သည်။ လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေအထိ မြင့်တက်နိုင်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ဓာတ်ပုံ – မိုး/ဇလ၊ လူမှုကူညီရေးအသင်း