ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်

ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှု အရှိန်မြင့်တက်လျက်ရှိပြီး အာရက္ခတပ်တော် (AA) ၏ မြို့သိမ်း တိုက်ပွဲများကို ခံစစ်ဖြင့် စောင့်ဆိုင်းရင်ဆိုင်နေရသည့် ရွေးတုအစိုးရစစ်တပ်အတွင်း တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းမှုနှင့် အင်အားပြုန်းတီးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

စစ်တွေမြို့တွင်လည်း စစ်ရေးတင်းမာနေပြီး စစ်တပ်က ရှေ့တန်းပြန် အခမ်းအနားများ ပြုလုပ်ကာ တပ်ဖွဲ့ဝင်များအား စိတ်ဓာတ်မြှင့်တင်ရေး စစ်ဆင်ရေးများ လုပ်ဆောင်နေရသည်။

 

“စစ်တွေက ဝိုင်းပတ်ပိတ်ဆို့ထားတာကို ခုခံစစ်နဲ့ စောင့်မျှော်နေရတာပေါ့။ ရွှေမင်းဂံ ဝင်တိုက်လည်း ခံရတယ်။ နာရီကန်ဆိုလည်း ခံရတာပဲ။ ဒကစထဲ လက်နက်ကြီးကျရင် သေတာပဲ။ ပြင်ပတိုက်ပွဲလည်း နာလန်မထူတော့ဘူး။ ရှေ့တန်းက ခဏပြန်ခေါ် အားသစ်လောင်း၊ ပြန်ပို့နဲ့ လည်နေတာ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ရှေ့တန်းပြန် အခမ်းအနားကို ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်တွင် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇော (စတသ ၄၃) ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ရှေ့တန်းတိုက်ပွဲဝင် တပ်ဖွဲ့ဝင်များသည် မြို့အခြေစိုက် တပ်ရင်းဌာနချုပ်များသို့ ခဏပြန်လည် ဆုတ်ခွာလာရသည့် အခြေအနေများ ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် AA ၏ ထိုးစစ်ကို စောင့်ဆိုင်းကာ ခံစစ်ပြင်နေရသဖြင့် စစ်တပ်အတွင်း စိတ်ဓာတ်ကျဆင်းမှုများ ပိုမိုဖြစ်ပေါ်နေကြောင်း သိရသည်။ စစ်တွေမြို့အခြေစိုက် ခြေလျင်၊ ခြေမြန် တပ်ရင်း ၅ ရင်းအနက် ရေချမ်းပြင်အခြေစိုက် ခလရ-၂၇၀ မှလွဲ၍ ကျန်တပ်ရင်းများမှာ ရန်ကုန်-စစ်တွေ ပြည်ထောင်စု လမ်းမကြီး၏ ဝဲ၊ ယာတွင် နေရာယူထားကြသည်။

 

ယခင်က ခလရ -၂၃၂ ကို နောက်တန်းသို့ ခေါ်ယူခဲ့ပြီး ယခုအကြိမ်တွင် စစ်တွေမြို့နှင့် အနီးဆုံး တပ်ရင်းဖြစ်သည့် ခမရ -၃၅၄ ကို ခေတ္တ အနားပေးသည့်အနေဖြင့် ပြန်လည်ခေါ်ယူကာ အခြားစစ်မြေ ပြင်များသို့ ပြန်လည်စေလွှတ်လျက်ရှိကြောင်း သိရသည်။

 

အလားတူ ကျောက်ဖြူမြို့နယ်အတွင်း၌လည်း စစ်ရေးတင်းမာနေပြီး ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်က ဓညဝတီ ရေတပ်ဌာနချုပ်မှ တိုက်ခိုက်ရေး စစ်သင်္ဘော နှစ်စီးဖြင့် တိုက်ပွဲများ ပြင်းထန်နေသည့် တောင်မော်ဦး ရေတပ်စခန်းသို့ အင်အားနှင့် လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းပေးခဲ့သည်။

 

အဆိုပါ စစ်သင်္ဘောများသည် တောင်မော်ဦး စခန်းသို့ မရောက်မီ ကမ်းခြေနီးစပ်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ပုံစာ-စစ်အုပ်စုတပ်ဖွဲ့ဝင်များ၊