‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂ ရက်

‎​

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံအနီးတွင် ရွေးတုအစိုးရစစ်တပ်၏ တပ်မ (၃၃) ဒုတိယတပ်မမှူး ဦးစီး၍ ရွှေကူမှ ထွက်ခွာလာသည့် စစ်ရေယာဉ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောများ ထိခိုက်ပျက်စီးမှု အမြောက်အမြားရှိခဲ့ကြောင်း သိရသည်။


ရွှေကူမှ တက်လာသည့် အဆိုပါ စစ်သင်္ဘောစစ်ကြောင်းကို ‎ယနေ့ ​စက်တင်ဘာ ၂ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က ဇင်းဘုံအနီးတွင် KIA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်သင်္ဘောတစ်စီးမှာ လူအများအပြားနှင့်အတူ ရေထဲသို့ နစ်မြုပ်သွားခဲ့ရပြီး အခြားတစ်စီးမှာလည်း ပျက်စီးသွားခဲ့သည်။


‎”သင်္ဘောတစ်စီးက လုံးဝနစ်မြုပ်သွားတာမှာ လူတွေလည်း ပါသွားတယ်။ ညကြီးကတည်းက မန္တလေးကနေ ဂျက်ဖိုက်တာတွေ မိနစ်ပိုင်းပဲခြားပြီးတက်လာတာ။ မနက်ကျတော့ ကြဲတော့တာပဲ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စင်ခန်းအနီးတွင် နောက်ထပ် စစ်သင်္ဘောတစ်စီး ပျက်စီးသွားခဲ့သဖြင့် စုစုပေါင်း စစ်သင်္ဘော သုံး စီး ပျက်စီးခဲ့ရသည်။

‎KIA ၏ အပြင်းအထန် တိုက်ခိုက်ခံရမှုကြောင့် ကျန်ရှိသည့် စစ်သင်္ဘော နှစ်စီးမှာ အလံဖြူထောင်၍ လက်နက် ချခဲ့ရပြီး စစ်တပ် တပ်ဖွဲ့ဝင် အချို့မှာလည်း ရေထဲသို့ ခုန်ဆင်းထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

‎အထိနာနေသည့် စစ်တပ်သည် ဂျက်ဖိုက်တာ အစီး ၂၀ကျော်သုံး၍ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ ရေထဲခုန်ချ၍ ကစဉ့်ကလျား ထွက်ပြေးရသည်များရှိခဲ့ကြောင်း သိရသည်။

‎​ထို့အပြင် ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်နေ့ကလည်း စစ်သင်္ဘောတစ်စီးကို KIA က သိမ်းပိုက်ရရှိခဲ့ပြီး ယမန်နေ့ စက်တင်ဘာ ၁ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဩဂုတ် ၃၁ ရက်နေ့ကလည်း ရွှေကူမှ ဗန်းမော်သို့ တက်ရန်ပြင်ဆင်သည့် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်၍ ဇင်းဘုံရှိ စစ်တပ်ခြေကုတ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်တပ်၏ လေကြောင်းပစ်ကူဖြင့် ပြန်လည်စစ်ကြောင်းထိုးမှုကို KIA က ခုခံတိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်တပ်မှာ ဆုတ်ခွာသွားခဲ့ရသည်။