ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်
ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီး ကားလမ်းတွင် ခရီးသည်တင် Express ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ပေ ၅၀ ခန့် အနက်ရှိ ချောက်အတွင်း ထိုးကျမှုဖြစ်ပွားခဲ့ရာ အမျိုးသမီး တစ် ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ခရီးသည်တင်ယာဉ်သည် စက်တင်ဘာလ ၁ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်က ကျိုင်းတုံ-တောင်ကြီး ကားလမ်း၊ မိုင်တိုင်အမှတ် ၅၅၅/၅ ကီလိုမီတာနှင့် ၅၅၆ ကီလိုမီတာကြား၊ ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ဘရိတ်ပေါက်ကာ လမ်း၏ ဘယ်ဘက် ပေ ၅၀ ခန့်အနက်ရှိ ချောက်အတွင်းသို့ ထိုးကျသွားခဲ့ခြင်း ဖြစ်သည်။

ချောက်အတွင်းသို့ ထိုးကျသွားခဲ့သည့် ခရီးသည်တင် Express ယာဉ်ပေါ်တွင် ခရီးသည် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ကိုး ဦး၊ ယာဉ်မောင်း နှစ် ဦး၊ ယာဉ်နောက်လိုက် နှစ် ဦး၊ ယာဉ်မယ် တစ် ဦးနှင့် ယာဉ်မောင် တစ် ဦး စုစုပေါင်း ၂၈ ဦး လိုက်ပါလာခဲ့ပြီး ဖြစ်စဉ်ကြောင့် အမျိုးသမီး တစ် ဦး သေဆုံးကာ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ရှစ် ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ မိုင်းပျဉ်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ မီးသတ် စက်ယာဉ် တစ် စီးဖြင့် သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို တုံတာလူမှုကူညီရေးအသင်း ယာဉ်ဖြင့် တုံတာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – Myanmar Fire Services Department