ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်

 

ရွေးတုအစိုးရ စစ်တပ်သည် စစ်မျက်နှာအသီးသီး၌ သန္ဓေစစ်သည်အင်အား ပြုန်းတီးမှု ကြုံတွေ့ နေရသဖြင့် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသည့် တပ်သားသစ်များကိုသာ ရှေ့တန်းစစ်ကြောင်း များတွင် အဓိက ထည့်သွင်းဖွဲ့စည်းနေရကြောင်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် စာရွက်စာတမ်း များနှင့် ပေါက်ကြားလာသော တပ်တွင်း လျှို့ဝှက်စာရွက်စာတမ်းများအရ သိရသည်။

 

မိုးဗြဲတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများ သိမ်းဆည်းရမိခဲ့သည့် ခမရ-၄၂၁ စစ်ကြောင်း၏ စစ်ထွက်အင်အား စာရင်းများအရ ဗိုလ်မှူး မောင်မောင်နိုင် ဦးစီးသည့် စုစုပေါင်း အင်အား ၁၄၇ ဦးပါ စစ်ကြောင်းတွင် ၅ ပုံ ၄ ပုံနီးပါး (၁၁၉ ဦး) မှာ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံထားရသည့် တပ်သား သစ်များ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စစ်ကြောင်းတွင် အရာရှိ သုံး ဦး၊ အရာခံနှင့် အကြပ် ၁၆ ဦး၊ အမြဲတမ်းတပ်သား ရှစ် ဦး အပါအဝင် သန္ဓေစစ်သည် ၂၈ ဦးကသာ စစ်မှုထမ်း တပ်သားသစ် ၁၁၉ ဦးအား တပ်စု၊ တပ်စိတ်ငယ်များ ခွဲ၍ ရှေ့တန်းတိုက်ပွဲများအတွင်း ကွပ်ကဲနေရခြင်း ဖြစ်သည်။

အလားတူ မုံရွာအခြေစိုက် တပ်မ (၃၃) လက်အောက်ခံ ခမရ-၁၂ တပ်ရင်းတွင်လည်း သန္ဓေစစ်သည် အင်အားမှာ ယခင် ၁၈၀ ခန့်မှ ၁၁၀ သာ ကျန်ရှိတော့ကြောင်း တပ်တွင်း ပေါက်ကြားလာသည့် စစ်ထွက် အင်အား စာရွက်စာတမ်းများအရ သိရသည်။

 

တပ်ရင်း၏ စုစုပေါင်းအင်အား ၃၈၀ အနက် ၇၀ ရာခိုင်နှုန်းခန့် (၂၅၆ ဦး) မှာ စစ်မှုထမ်း တပ်သားသစ်များ ဖြစ်ကြသည်။ ထို့ပြင် စစ်ဆင်ရေးထွက်ရာတွင် ပုံမှန် ပါဝင်ရမည့် အရာရှိ ၁၀ ဦးမှ ၁၂ ဦးအစား ငါး ဦးသာ ပါဝင်နိုင်တော့သဖြင့် တပ်ခွဲမှူးနှင့် တပ်စုမှူး ရာထူးများအတွက် အရာရှိ လိုအပ်ချက်များ ကြုံတွေ့လျက် ရှိသည်။

 

ယခင်က ဗိုလ်ကြီးအဆင့်များ တာဝန်ယူသည့် တပ်ခွဲမှူးနေရာများတွင် ဗိုလ်မှူးအဆင့်များက ပြောင်းလဲ တာဝန်ယူနေရသကဲ့သို့ တပ်စုမှူးနေရာများတွင်လည်း အရာရှိငယ်များကို အရေးပေါ် ထည့်သွင်းထား ရကြောင်း သိရသည်။

 

မိုးဗြဲစစ်မျက်နှာရောက် ခမရ-၄၂၁ စစ်ကြောင်းနှင့် မုံရွာအခြေစိုက် ခမရ-၁၂ တပ်ရင်းတို့၏ အချက် အလက်များကို နှိုင်းယှဉ်ကြည့်ပါက စစ်တပ်သည် ဒေသမရွေး တပ်ရင်းအများစုတွင် သန္ဓေစစ်သည် လျော့နည်းလာမှုကို စစ်မှုထမ်း တပ်သားသစ် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ထည့်သွင်းကာ ကျားကန်ဖွဲ့စည်းနေရသည့် အခြေအနေဖြစ်ကြောင်း ပေါ်လွင်လျက်ရှိသည်။

 

ယခုကဲ့သို့ တပ်ရင်းများတွင် လေ့ကျင့်ရေး မပြည့်ဝသေးသည့် စစ်မှုထမ်း တပ်သားသစ်များကို အဓိကအားပြု၍ စစ်ကြောင်းဖွဲ့နေရခြင်းသည် ရှေ့တန်းတိုက်ပွဲများ၌ တိုက်ရည်ခိုက်ရည် ပိုမိုကျဆင်း လာမည်ဖြစ်ပြီး အမိန့်ပေးကွပ်ကဲမှုစနစ် အားနည်းချက်များ ပိုမိုပေါ်ပေါက်လာနိုင်ကြောင်း တပ်မတော် CDM အရာရှိများက သုံးသပ်ထားသည်။

 

ထို့အပြင် သန္ဓေစစ်သည် အင်အားပြုန်းတီးမှု ဒဏ်ကြောင့် အရပ်သား လူငယ်များကို ရှေ့တန်းတွင် အကာ အကွယ်ယူ အသုံးချမှု ပိုမိုများပြားလာနိုင်ပြီး တပ်တွင်း စိတ်ဓာတ်ရေးရာ ပြိုလဲမှုများနှင့် တိုက်ပွဲအတွင်း လက်နက်ချခြင်း၊ ဘက်ပြောင်းခြင်း ဖြစ်စဉ်များလည်း ပိုမိုတိုးပွားလာနိုင်သည့် အခြေအနေဖြစ်ကြောင်း စစ်ရေးအကဲခပ်များက ဆိုသည်။

 

ပြီးခဲ့သည့် ဩဂုတ် ၈ ရက်မှ ၂၁ ရက်(ဒုတိယပတ်နှင့် တတိယပတ်) အတွင်း ရွေးတုအစိုးရ လက်အောက်ရှိ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၂၀ ဦး အလင်းဝင်ရောက်လာခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခြင်းများ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

 

ထိုသို့ အလင်းဝင်ရောက်လာသူများတွင် စစ်သား ၁၀ ဦးပါဝင်ပြီး ရှစ် ဦးမှာ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစုဆောင်းခြင်းခံထားရသည့် စစ်မှုထမ်းတပ်သား သစ်များ ဖြစ်ကြောင်း သိရသည်။

 

ပုံစာ-စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခြင်းခံရသူများ။