ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

သတ်မှတ်ထားသည့် ခရီးစဉ် လမ်းကြောင်းများအတိုင်း ပြေးဆွဲခြင်းမရှိဘဲ စက်မှုဇုန်များတွင် စက်ရုံဖယ်ရီအဖြစ် ပြောင်းလဲပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ဇူလိုင် ၂၅ ရက်နေ့ မှစတင်၍ ရာသက်ပန် CNG (သဘာဝဓာတ်ငွေ့) ဝယ်ယူခွင့် ပိတ်သိမ်းအရေးယူလိုက်ကြောင်း ရွေးတုအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ YBS ယာဉ်များသည် လိုင်းကားအဖြစ် ခရီးသည် ပို့ဆောင်ပေးရမည့်အစား စက်ရုံဖယ်ရီအဖြစ် ပြောင်း လဲပြေးဆွဲနေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာမှ စိစစ်တွေ့ရှိခဲ့ရခြင်း ဖြစ် ကြောင်း သိရသည်။

ယင်းသို့ စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ် ၁၀ စီး၏ ယာဉ်နံပါတ်များကို CNG အရောင်း ဆိုင်များအားလုံးတွင် အများသိစေရန် ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် CNG ယာဉ်များအချင်းချင်း တရားမဝင် ပြန်လည်ရောင်းချမှုများကို စစ်ဆေးတွေ့ရှိပါကလည်း ကျူးလွန်သည့် ယာဉ်အား ရာသက်ပန် CNG ဝယ်ယူခွင့် ပိတ်သိမ်းသည့်အထိ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုနှင့် စက်သုံးဆီ ပြတ်လပ် မှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် YBS ခရီးသည်တင်ယာဉ်စီးနင်းသူများပြား လျက် ရှိသည်။ သို့သော် CNG ဓာတ်ငွေ့ ရရှိသည့် YBS ယာဉ်အချို့သည် လိုင်းကားအဖြစ် ပြေးဆွဲသည့်အပြင် တွက်ခြေကိုက်စေရန် ပုံမှန်ဝင်ငွေရရှိမည့် စက်ရုံ၊ အလုပ်ရုံများ၏ ဖယ်ရီယာဉ်အဖြစ် ပြောင်းလဲငှားရမ်း ပြေးဆွဲနေကြခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း လိုင်းကားများ နည်းပါးသွားခြင်းနှင့် စည်းကမ်းပျက်ကွက်ခြင်းများကြောင့် ရန်ကုန် မြို့တွင်း ခရီးသွား ပြည်သူများမှာ လိုင်းကားစောင့်ဆိုင်းရသည့် ကြာချိန် ပိုမိုမြင့်မားလာပြီး သွားလာရေး အခက်အခဲများနှင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေကြရသည်။