ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် ရွေးတုအစိုးရ စစ်တပ်၏ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၇) အတွက် လူငယ်များကို မဲနှိုက်ရွေးချယ်၍ စုရပ်သို့ အမြန်ဆုံး ပို့ဆောင်ပေးရန် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များထံ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌက လျှို့ဝှက် ညွှန်ကြားစာ ပေးပို့ထားကြောင်း ပေါက်ကြားလာသော စာရွက်စာတမ်းများအရ သိရသည်။
ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ ဇူလိုင်လ ၁၀ ရက်စွဲပါ ညွှန်ကြားချက်ကို ကိုးကား၍ မိတ္ထီလာမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က သတ်မှတ်ထားသည့် စစ်အင်အား လျာထားချက် ပြည့်မီရေးအတွက် ဆောင်ရွက်ခိုင်းထားခြင်းဖြစ်သည်။
အဆိုပါ ညွှန်ကြားချက်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရင်းကောက်ယူရေးအဖွဲ့များအနေဖြင့် မိမိတို့ဒေသအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကြုံးဝင်သူများအနက်မှ နည်းဥပဒေပုဒ်မ-၃၁(ခ) ပါ မဲနှိုက်ရွေးချယ်သည့် နည်းလမ်းဖြင့် ရွေးချယ်ရမည်ဟု ဖော်ပြထားသည်။

အမိန့်စာပါ အဓိက သတ်မှတ်ချက်အရ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၇) အတွက် ရပ်ကွက်/ကျေးရွာအုပ်စု တစ်အုပ်စုလျှင် သတ်မှတ်ထားသည့် စာရင်းအတိုင်း ဇူလိုင်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့အတွင်း စုရပ်သို့ အမြန်ဆုံး ပို့ဆောင်ပေးရမည် ဖြစ်သည်။
ထို့အပြင် ယခင်က ချန်လှပ်ထားခဲ့သည့် လူဦးရေ ၂၀၀ အောက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု ငယ်များမှလည်း နှစ်ပတ်လျှင် တစ်ကြိမ် စစ်မှုထမ်း လူငယ်များ ပို့ဆောင်ပေးရမည်ဟု ပါရှိသည်။ သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ရန် ပျက်ကွက်ပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု မိတ္ထီလာမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဇော်အောင်လေးက ခြိမ်းခြောက် သတိပေးထားသည်။
လက်ရှိတွင် ရွေးတုအစိုးရ စစ်တပ်က ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၆) အထိ သင်တန်းများ ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ရွေးတုအစိုးရ၏ စီမံချက်အရ အမှတ်စဉ် တစ်ခုလျှင် ပျမ်းမျှ လူဦးရေ ၅,၀၀၀ နီးပါး စုဆောင်းရန် သတ်မှတ်ထားခြင်းကြောင့် စစ်မှုထမ်းဥပဒေ စတင် အကောင်အထည်ဖော်ချိန်မှစ၍ လက်ရှိ နှစ်နှစ်ကျော် ကာလအတွင်း စုစုပေါင်း စစ်မှုထမ်း အင်အား ၁ သိန်းမှ ၁ သိန်း ၃ သောင်းဝန်းကျင်အထိ အဓမ္မ စုဆောင်းထားပြီး ဖြစ်သည်။
ရွေးတုအစိုးရ စစ်တပ်က မိတ္ထီလာမြို့နယ်အတွင်း အမှတ်စဉ် (၂၇) အထိ စစ်မှုထမ်းဥပဒေကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်နေချိန်တွင် လူဦးရေ ၂၀၀ အောက်ရှိသည့် ရွာငယ်များကိုပါ ချန်ရစ်မထားဘဲ ပို့ဆောင်ခိုင်းနေခြင်းသည် စစ်တပ်၏ စစ်အင်အား လိုအပ်ချက် ပိုမိုကြီးမားလာသည်ကို ပြသနေခြင်းဖြစ်သည်။
ထို့ပြင် အောက်ခြေ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များကို လိုက်နာခြင်းမရှိပါက အရေးယူမည် ဟူသော ခြိမ်း ခြောက်မှုများဖြင့် ဖိအားပေး ဆောင်ရွက်ခိုင်းနေရခြင်းက အုပ်ချုပ်ရေးယန္တရားအတွင်း အမိန့်နာခံမှု လျော့နည်းလာနေခြင်းနှင့် သတင်းအချက်အလက် ပေါက်ကြားမှု ပိုမိုများပြားလာခြင်းတို့ကို မီးမောင်းထိုးပြနေခြင်းကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ဓာတ်ပုံ-စစ်အုပ်စု
ပုံစာ-စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၆)သို့ တက်ရောက်ရန်အတွက် အဓမ္မစုဆောင်းခြင်းထားရသူများ။