ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော် လမ်းပိုင်းပေါ်ရှိ ရွှေပန်းရဲစခန်းနှင့် စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ဇူလိုင် ၂၅ ရက် နံနက် သုံးနာရီခန့်တွင်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း နေပြည်တော် PDF က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ရွှေပန်းရဲစခန်းနှင့် စစ်ဆေးရေးဂိတ်သည် နေပြည်တော်နှင့် မကွေးတိုင်းအစပ်ရှိ စခန်းတခုဖြစ်ပြီး ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးက ကွပ်ကဲလျက်ရှိကာ စစ်သားနှင့် ရဲ အင်အား ၃၀ ခန့်ရှိစခန်းတခုဖြစ်သည်။

တိုက်ပွဲအတွင်း အဆိုပါဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့ပြီး ဒေသခံများအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသည့် ရဲတပ်ကြပ်ကြီးတစ်ဦးလည်း သေဆုံးခဲ့ကာ ကျန်ရှိသည့် စစ်တပ်တပ်ဖွဲ့ဝင်များမှာလည်း ထိခိုက်ဒဏ်ရာများဖြင့် ဆုတ်ခွါထွက်ပြေးသွားကြကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအပြီးတွင် ရွှေပန်းရဲစခန်းနှင့် စစ်ဆေးရေးဂိတ်တို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ငယ် ငါးလက်၊ လက်နက်ကြီးပြောင်း၊ ခဲယမ်းများနှင့် ငွေကြေးအချို့ကို သိမ်းဆည်းရမိခဲ့ကာ ဟောင်ဝစ်ဇာပြောင်းတစ်လက်ကိုမူ သယ်ယူမှုအခက်အခဲကြောင့် ဖျက်ဆီးခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုအား နေပြည်တော်တိုင်းစစ်ဌာနမှ တပ်ရင်းအမှတ် ၉၀၃ နှင့် ၈၀၃ တို့ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက် လုံးဝမရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။