ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

 

ရထားပေါ်တွင် လူအများကိုစိတ်အနှောင့်အယှက်ပေးသည်ဟုဆိုကာ ပျဉ်းမနားဒေသခံ အမျိုးသမီး လေးဦးကို ထောင် သုံးလအထိ ချမှတ်ခံရနိုင်သည့်ပုဒ်မဖြင့် အရေးယူထားမှုအတွက် မျှတမှုရှိရန်လိုအပ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

 

ဇူလိုင်လ ၂၀ ရက်နေ့တွင် DEMU ရထား ရန်ကုန်မှ မန္တလေးသို့ထွက်ခွာလာသောရထားပေါ်တွင် လိုက်ပါအမျိုးသမီးလေးဦးနှင့် ဇူလိုင် ၂၃ ရက်နေ့တွင် DEMU ရထား မော်လမြိုင်မှ ရန်ကုန်သို့ထွက်ခွာလာသောရထားပေါ်တွင် ဒေါ်မြသန်းဦးဆောင်သော လူ ၆၀ ပါအဖွဲ့က ပြည်သူများကိုအနှောင့်အယှက်စေခြင်းနှင့် စိတ်ငြိုငြင်စေရန်ပြုလုပ်ကြောင်း မီးရထားစီးနင်းသူများက ရေးသားပြောဆိုနေကြခြင်းဖြစ်သည်။

 

လက်ရှိတွင် ဇူလိုင် ၂၀ ရက်နေ့၌ DEMU အမြန်ရထားပေါ်တွင်စည်းကမ်းချိုးဖောက်သူ အမျိုးသမီးလေးဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၈ (က) ဖြင့် အရေးယူလိုက်ကြောင်း ရွေးတုအစိုးရထုတ်ပြန်သည်။

ထို့ပြင် ဒေါ်မြသန်းဦးစီးသည့်အဖွဲ့သည် ရထားအတွဲ ၃ တွဲကို ထိုင်ခုံ ၆၀ ပါအတွဲလိုက်အနေဖြင့် လက်မှတ်အစောင် ၆၀ ကို တွဲပြတ်အကုန်ဝယ်ယူလိုက်ပြီး အမျိုးသမီးအားကစားအဖွဲ့လိုက်ပါလာခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် အားကစားနည်းပြ အဖြစ်နာမည်ကြီးသူ မယမင်းလှဝင်းက ရေးသားထားသည်။

 

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသည့်အမှတ် (၃) အဆန် ရန်ကုန် – မန္တလေး DEMU အမြန်ရထား၊ အထက်တန်းတွဲ (၁)၊ ခုံအမှတ် 3A၊ 3B၊ 4A၊ 4B တွင် လိုက်ပါလာသည့် အမျိုးသမီးလေးဦးသည် စည်းကမ်းချိုးကောက်သည်ဟုဆိုကာ ဇူလိုင် ၂၃ ရက် ညနေက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

 

ပျဉ်းမနားမြို့ဒေသခံ အဆိုပါအမျိုးသမီးလေးဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၈ (က) ဖြင့်အမှုဖွင့်လှစ်လိုက်ပြီး ယင်းပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် သုံးလထက်မပိုသောပြစ်ဒဏ်၊ အနည်းဆုံးကျပ် တစ်သောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ခံရမည်ဟု ဥပဒေတွင်ပြဌာန်းထားသည်။

 

အဆိုပါ အမျိုးသမီးလေးဦးသည် အများပြည်သူများစိတ်အနှောင့်အယှက်ဖြစ်စေအာင် စကားကျယ် လောင်စွာ‌ပြောဆိုခြင်း၊ ကွမ်းယာစားပြီး ထိုင်ခုံံအစွပ်များတွင် ကွမ်း/ ထုံးနှင့် ကွမ်းတံတွေးများအား ပေကျံစေခြင်းနှင့် ကွမ်းတံတွေးထည့်ထားသည့်ဘူးများကို ရထားပေါ်တွင်စည်းကမ်းမဲ့ထားခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

 

ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၃ တွင် ပုဒ်မခွဲ (က) မှ ( ဇ) အထိတွင် ပုဒ်မခွဲ (င) ရထားပေါ်တွင် အခြားသူကို စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်း၊ အနှောင့်အယှက်ပေးခြင်းမပြုရ၊ ရထားပေါ်တွင်ပါရှိသော အရေးပေါ်ကိရိယာကို ခိုင်လုံသောအကြောင်းမရှိဘဲ အသုံးမပြုရ၊ (ခ) ရထားရှိဆက်သွယ်ရေးစနစ်နှင့် ပစ္စည်းကိရိယာကို နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်းမပြုရ၊ ရထားစတင် ထွက်ခွာစဉ် ရထားပေါ်သို့ ခုန်တက်ခြင်း သို့မဟုတ် ရထားမရပ်မီခုန်ဆင်းခြင်းမပြုရ နှင့် ရထားအမိုးအကာ၊ ခြေနင်း၊ တွဲများအကြားနှင့် သတ်မှတ်ခွင့်ပြုချက်မရှိသောနေရာများပေါ်တွင် စီးနင်းလိုက်ပါခြင်းမပြုရဟုပါဝင်သည်။

 

ယင်းပြင် ပုဒ်မ ၈၈ ၌ မည်သူမဆို ပုဒ်မ ၈၃၊ ပုဒ်မခွဲ (က) မှ (ဇ) အထိ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် တစ်သောင်းမှ အများဆုံး ကျပ် တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေတွင် ပြဌာန်းထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်