ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

ခုခံတော်လှန်မှုများကို ကာကွယ်နိုင်ရန် လုံခြုံရေးခံတပ် ပြင်ဆင်နေသော တြိဂံဒေသတိုင်းစစ်ဌာနချုပ်အခြေစိုက် ကျိုင်းတုံဒေသအတွက် အာဏာသိမ်း ရွေးတုအစိုးရတပ်နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ခွဲထွက်အဖွဲ့တို့ ဆွေးနွေးခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။

ရွေးတုအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)သည် ဝဏ္ဏကျော်ထင်ဘွဲ့ ရထားသော LDU ခွဲထွက်ဥက္ကဋ္ဌ ကျာဆော်လမွန် ဦးဆောင်အဖွဲ့ကို နေပြည်တော်တွင် ယမန်နေ့ ဇူလိုင် ၂၄ ရက် ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံမှုတွင် လားဟူလူမျိုးများ၏ အနာဂတ်အတွက် အစီအစဉ်များ၊ တစခ အခြေစိုက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေး စသည်တို့ ဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရက ဆိုသည်။

ထို့အပြင် လမ်းပန်းဆက်သွယ်မှု အဆင်ပြေစေရေးနှင့် လျှပ်စစ်မီး၊ ရေရရှိရေး၊ ကော်ဖီနည်းပညာရှင်များ၏ နည်းပညာပံ့ပိုးပေးမှု၊ မျိုးစေ့၊ သွင်းအားစုရရှိရေး၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကိစ္စရပ်များ စသည်တို့ ဆွေးနွေး၍ လိုအပ်ချက်များကို တည်ဆဲဥပဒေအရ လုပ်ပေးမည်ဟု ဖော်ပြထားသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တစခ အခြေစိုက် ကျိုင်းတုံမြို့နယ်အတွင်းရှိ ပန်ဝိုင်နှင့် ဝိုင်လီဒေသတို့သည် ရွေးတုအစိုးရတပ်နှင့် ဩဇာခံ လားဟူပြည်သူ့စစ်များ အားကောင်းစွာ လှုပ်ရှားထိန်းချုပ်ထားသော နယ်မြေများ ဖြစ်ပြီး စစ်ရေး၊ လုံခြုံရေးနှင့် လူမှုရေး တင်းမာမှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် “၁၀၂၇” စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ပိုင်းတွင် နယ်မြေအမြောက်အမြား ဆုံးရှုံးခဲ့ရပြီးနောက် ရွေးတုအစိုးရသည် ကျိုင်းတုံမြို့နှင့် တစခကို ကာကွယ်နိုင်ရန် ပန်ဝိုင်-ဝိုင်လီ တောင်ပေါ်လမ်းကြောင်းများအား လားဟူပြည်သူ့စစ်များ အသုံးချ၍ လုံခြုံရေးခံတပ် ပြုလုပ်ပြင်ဆင်နေကြောင်း သိရသည်။

ထို့အတူ ပန်ဝိုင်-ဝိုင်လီဒေသများသည် မိုင်းလားတပ် (NDAA)နှင့် “ဝ” တပ် (UWSA) ထိန်းချုပ်နယ်မြေများအနီး တည်ရှိပြီး တိုက်ပွဲဖြစ်ပွားမှုအချို့ ရှိထားသလို ရွေးတုအစိုးရတပ်၊ ပြည်သူ့စစ်တို့က နယ်မြေအတွင်း လားဟူအပါအဝင် တိုင်းရင်းသား လူငယ်များကို ဖမ်းဆီးနေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

စစ်မှုထမ်းရန်နှင့် တပ်ထဲဝင်ရန် ဖိအားပေး စုဆောင်းမှုများ ပြုလုပ်နေသဖြင့် ဒေသခံလူငယ်များ ထွက်ပြေးတိမ်းရှောင်နေရသလို ကျိုင်းတုံမြို့ပတ်ဝန်းကျင်၊ ပန်ဝိုင်-ဝိုင်လီ လမ်းကြောင်းများတွင်လည်း စစ်ဆေးရေးဂိတ်များ တိုးမြှင့်ချ၍ ကုန်စည်၊ လူထုလှုပ်ရှားမှုများကို တင်းကျပ်စောင့်ကြည့်နေကြောင်း သိရသည်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) သည် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားပြီး ‌စစ်အုပ်စု အာဏာသိမ်းမှုကြောင့် ထိတွေ့ဆက်ဆံ ဆွေးနွေးမှုများ မပြုလုပ်ရန် ဆုံးဖြတ်ထားရာ လက်ရှိသွားရောက် တွေ့ဆုံသော ကျာဆော်လမွန်မှာ အတွင်းရေးမှူးဖြစ်ကာ ၎င်းတို့အား ထုတ်ပယ်ထားကြောင်း သိရသည်။

အလားတူ ၎င်းသည် နေပြည်တော်သို့ သွားရောက်၍ ထိတွေ့ဆက်ဆံနေသဖြင့် မြန်မာနိုင်ငံ လွတ်လပ်‌ရေးရပြီး (၇၅) နှစ်တာကာလအတွင်း နိုင်ငံနှင့် နိုင်ငံသား ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းနိုင်ဟုဆိုကာ ရွေးတုသမ္မတ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝဏ္ဏကျော်ထင်ဘွဲ့ ပေးထားခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ ခွဲထွက်ဥက္ကဋ္ဌ ကျာဆော်လမွန် ဦးဆောင်အဖွဲ့ကို LDU အဖွဲ့ဟု တရားဝင်သုံးစွဲပြီး ငြိမ်းချမ်းရေးအကြောင်းပြ နေပြည်တော်သို့ ဖိတ်ခေါ်ဆွေးနွေးနေသလို ဩဇာခံ လားဟူပြည်သူ့စစ်အဖြစ် ပါဝင်လာရေးလည်း နည်းမျိုးစုံ ရွေးတုအစိုးရတပ်က သိမ်းသွင်းကြိုးပမ်းနေကြောင်း အကဲခတ်များက ထောက်ပြထားသည်။

ဓာတ်ပုံ-MOI