ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

 

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ BTS မိုးပျံရထားတစ်စီးပေါ်တွင် ဖြစ်ပွါးခဲ့သည့် အီတလီလူငယ်အုပ်စုနှင့် ထိုင်းအမျိုးသမီးတို့ စကားများငြင်းခုံခဲ့သည့် ဗွီဒီယိုမှတ်တမ်းမှာ လူမှုကွန်ရက်တွင် ဝေဖန်ခံရမှုများဖြစ်ပွါးခဲ့ပြီးနောက် ယနေ့ ဇူလိုင် ၂၅ ရက်နေ့တွင် အီတလီသံရုံးက တောင်းပန်စာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့တွင် ထိုင်းအမျိုးသမီးတစ်ဦးက ရထားပေါ်တွင် ဆူညံစွာစကားပြောနေသည့် အီတလီလူငယ်အုပ်စုအား အသံတိုးပေးရန် ပြောဆိုစဉ် လူငယ်များက ရိုင်းစိုင်းကာ လှောင်ပြောင်သည့် အပြုအမူ အပြောအဆိုအချို့ ပြုလုပ်ခဲ့ပြီး အဆိုပါမှတ်တမ်းကို လူမှုကွန်ရက်ပေါ်တင်လိုက်ရာမှတဆင့် ဝေဖန်မှုများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အီတလီသံရုံးအနေဖြင့် လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုတွင်ပါဝင်သည့် ပညာရေးခရီးစဉ်လာရောက်သည့် အသက်မပြည့်သေးသည့် အီတလီကျောင်းသားအုပ်စု၏ မလျော်ကန်သည့်အပြုအမူကို ရှုံ့ချကြောင်းနှင့် ဆယ်ကျော်သက်များ၏ လုပ်ရပ်မှာ အီတလီနိုင်ငံနှင့် လူမျိုးများကို ကိုယ်စားမပြုကြောင်း ထုတ်ပြန်ခဲ့သည်။

 

ထို့ပြင် အီတလီသံရုံးအနေဖြင့် ထိုင်းနိုင်ငံသားများနှင့် ဖြစ်စဉ်အတွင်းထိခိုက်ခဲ့သူအားလုံးကို တောင်းပန်ကြောင်းလည်းထုတ်ပြန်ခဲ့ပြီး အဆိုပါလူငယ်အုပ်စုမှ ကျောင်းသားကိုယ်စားလှယ် လေး ဦးကလည်း ၉၅ စက္ကန့်ကြာ တောင်းပန်စကားပြောသည့် ဗီဒီယိုကိုထုတ်ပြန်ခဲ့သည်။

“ဖြစ်ပျက်ခဲ့တာတွေအပေါ် ကျွန်တော်တို့အလွန်စိတ်မကောင်းဖြစ်ပါတယ်။ ငွေကလေးစားမှုကို ဝယ်လို့မရဘူးဆိုတာကျွန်တော်သေချာသိပါတယ်။ ထိုင်းရိုးရာယဉ်ကျေးမှုနဲ့ လူတွေအားလုံးကို ကျွန်တော်တကယ်ကို တောင်းပန်ပါတယ်” ဟု ကျောင်းသားကိုယ်စားလှယ်တစ်ဦးက ပြောဆိုခဲ့သည်။

 

အဆိုပါကျောင်းသားများ၏ ပညာရေးခရီးစဉ်ကို စီစဉ်သည့် ကုမ္ပဏီကလည်း တောင်းပန်ကြောင်းထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနေဖြင့်ထိုင်းနိုင်ငံအတွင်း နှစ်ပေါင်း ၂၀ ကျော်ကြာ ပညာရေးခရီးစဉ်များကို ဝန်ဆောင်မှုပေးခဲ့ပြီဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

 

ကိုးကား – The Nation Thailand