ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

 

ဧရာဝတီတိုင်း၊ အသုတ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ထွန်းနိုင်၏ လာဘ်စားမှုများနှင့် ရာဇဝတ်မှုများအား နေပြည်တော်မှ လာရောက်စစ်ဆေးခဲ့သော်လည်း ငွေကြေးလာဘ်ထိုးကာ ပြန်လွှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။

 

ရဲအုပ်ဇော်ထွန်းနိုင်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အသုတ်နယ်မြေရဲစခန်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်ပြီး လက်ရှိတွင် လာဘ်စားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ ကိုယ်တိုင်သုံးစွဲခြင်းအပြင် လောင်းကစားဝိုင်းများထံမှ တရားမဝင် လိုင်းကြေးများ တောင်းယူခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူကပြောသည်။

 

လူသတ်မှုနှင့် မုဒိန်းမှု အပါအဝင် တရားခံများထံမှလည်း ငွေကြေးအမြောက်အများ ရယူကာ အမှုများကို ထိန်ချန်ပေး၍ တရားခံများကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများကပြောသည်။

“လောင်းကစားဝိုင်းတွေဆီကနေ တစ်ရက် ငွေ ၁၀ သိန်းဝန်းကျင်ရတယ်။ ပြီးတော့ လူသတ်မှု၊ မုဒိန်းမှုတွေဆီကနေလဲ ငွေယူတာမျိုးတွေအထိပါလုပ်တာ။ အထက်ကလာစစ်တော့လဲ အထက်လူကြီးတွေကို ကန်တော့လိုက်ရင်အေးဆေးလို့ပြောတယ်”ဟု အသုတ်နယ်မြေရဲစခန်းနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

ကိုင်းချောင်ရွာတွင် ဖြစ်ပွားခဲ့သော မုဒိန်းမှုတစ်ခု၌ ပြစ်မှုကျူးလွန်သူ သူထံမှ ထောင်ဒဏ်မကျခံရရေးနှင့် အမှုကျေအေးစေရေးအတွက် ရဲအုပ်ဇော်ထွန်းနိုင်သည် ငွေကျပ် သိန်း ၄၀၀ အထိ တောင်းယူခဲ့သည်ဟုဆိုသည်။

 

အလားတူ အသုတ်မြို့တွင်း ဖြစ်ပွားခဲ့သော ကာမလိမ်လည်မှု တိုင်ကြားချက်တစ်ခုတွင်လည်း ပြစ်မှုကျူးလွန်သူထံမှ ငွေကျပ် သိန်းငါးဆယ် တောင်းခံကာ တရားခံအား အရေးယူခြင်းမရှိဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများကပြောသည်။

 

နယ်မြေအတွင်း ဆိုင်ကယ်ဦးထုပ် မဆောင်းပါက တစ်ဦးလျှင် ငွေကျပ် ခြောက်သောင်း၊ လိုင်စင်မရှိပါက ငါး သောင်းကျပ်၊ သစ်တင်ကားများထံမှလည်း လိုင်းကြေးတောင်းယူသည့်အပြင် သိမ်းဆည်းထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကိုလည်း ကိုယ်ပိုင်အဖြစ် အသုံးပြုနေကြောင်း သိရသည်။

 

လက်ရှိ လာဘ်စားမှုနှင့် ပတ်သက်၍ တိုင်ကြားခံရပြီး နေပြည်တော်မှ ဆင်းစစ်ခဲ့သော်လည်း ရဲအုပ်ဇော်ထွန်းနိုင်ဘက်မှ ငွေပေးလိုက်သဖြင့် မည်သည့်အရေးယူမှုမျှ မရှိဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူကပြောသည်။

 

ထို့ပြင် ပြည်သူ့ စစ်မှုထမ်းရန်အတွက် ငွေကြေးချို့တဲ့သည့် ဒေသခံလူငယ်များကို စခန်းသို့ ခေါ်ယူကာ ဖိအားပေးခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ- အသုတ်နယ်မြေရဲစခန်းမှ စခန်းမှူး ဇော်ထွန်းနိုင်