နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

ဒရုန်းဖျက် နည်းပညာ၊ ဆက်သွယ်ရေးဖြတ်တောက်သည့် စက်ပစ္စည်းများနှင့် သတင်းအချက်အလက် များအတွက် အကူညီပေးရန် တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တရုတ်အစိုးရထံ အကူအညီတောင်းခံ‌နေကြောင်း တပ်မတော်သား CDM အရာရှိများ ပြောပြချက်အရ သိရသည်။

နေပြည်တော်သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျားအား ဇူလိုင် ၂၂ ရက်၌ ဖိတ်ကြား၍ ယင်းကဲ့သို့ အကူအညီတောင်းကာ ပူးပေါင်းမှုများ မြှင့်တင်သွားရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဏာသိမ်း ရွေးတုအစိုးရကမူ ၎င်းတို့တပ်နှစ်ရပ်အကြား နည်းပညာ၊ သတင်းအချက်အလက် အပါအဝင် နယ်ပယ်အလိုက် ပူးပေါင်းရေး ကိစ္စရပ်များ ဖလှယ်ဆွေးနွေးခဲ့ဟု ထုတ်ပြန်ထားပြီး တော်လှန်ရေး တပ်ဖွဲ့များကို နှိမ်နင်းရန်ဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ထောက်ပြသည်။

“အခုတပ်ချုပ်နဲ့ တရုတ်သံအမတ်တို့ တွေ့ဆုံတာက တော်လှန်ရေး တပ်ဖွဲ့တွေကို နှိမ်နင်းဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ ထပ်ပြီးတော့ အကူအညီတောင်းတဲ့ အနေအထားမျိုးပါ။ မြန်မာစစ်တပ်ဆီက နည်းပညာပိုင်းတော့ ပြန်ရစရာ အကြောင်းမရှိဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာ့အရေးကို ကြားဝင်ညှိနှိုင်းသည်ဟု အကြောင်းပြ၍ ဝင်စွက်ဖက်နေသော တရုတ်အစိုးရသည် ၎င်းတို့အကျိုးစီးပွားအတွက် ရွေးတုအစိုးရအား အားပေးထောက်ခံကာ လေယာဉ်၊ ဒရုန်း၊ စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာများ ပံ့ပိုးကူညီ ရောင်းချပေးလျက်ရှိသည်။

“သူတို့အနေနဲ့ တရုတ်ဆီကနေ ဒရုန်းဖျက် နည်းပညာ‌တွေ၊ ဆက်သွယ်ရေး ဖြတ်တောက်တဲ့ စက်ပစ္စည်းတွေနဲ့ နယ်စပ်ဒေသက တော်လှန်ရေး အဖွဲ့တွေရဲ့ သတင်းတွေကို အဓိကအကူအညီ တောင်းနေတာမျိုးပါ” ဟု CDM ဗိုလ်ကြီးညီသုတကလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုအခြေအနေများကြောင့် စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေကြသည့် တော်လှန်ရေး အင်အားစုများအနေဖြင့် အထူးသတိထား၍ ဆက်သွယ်ရေး လုံခြုံရေးနှင့် နည်းပညာပိုင်းဆိုင်ရာ တန်ပြန်ပြင်ဆင်မှုများ လုပ်ထားကြရန် ပိုလိုလာသော သဘောဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် တရုတ်အစိုးရအနေဖြင့် ၎င်းတို့၏ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ကျားဖြန့်ကိစ္စ ရှင်းပေးရန် အဓိကလိုချင်နေသလို ရွေးတုအစိုးရဘက်ကလည်း စစ်မြေပြင်၌ အထိနာနေသည့်အတွက် တရုတ်အကူအညီ၊ တော်လှန်ရေးအပေါ် ဖိအားပေးမှုများ အသုံးချနေခြင်းဖြစ်သည်။

တရုတ်သံအမတ်ကြီးမာကျားနှင့် တပ်ချုပ်ရဲဝင်းဦးတို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းသွားရန်၊ တော်လှန်ရေး အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားရှိမှု၊ ကျားဖြန့်တိုက်ဖျက်ရေး စသည်တို့ ဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – MOI