ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကလေး-တမူး လမ်းမပေါ်ရှိ ကမ္မကြီး(ချင်း) ကျေးရွာတွင် စစ်တပ်၏ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်သည့် ချင်းအမျိုးသားတစ်ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါ အမျိုးသားသည် ကနန်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်က အိန္ဒိယနိုင်ငံနယ်စပ်ဘက်ခြမ်းသို့ ဒီဇယ်ဆီ သွားဝယ်ယူရာ ကမ္မကြီးကျေးရွာတွင် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ရွာမှာ လယ်လုပ်တာပါ။ သူ့လုပ်ငန်းအတွက် အသုံးပြုဖို့ လိုအပ်တဲ့ ဆီကို အိန္ဒိယနိုင်ငံဘက်ခြမ်း Aivomjang ရွာကို သွားဝယ်တာပါ။ ကမ္မကြီးရောက်တော့ စစ်သားတွေက ဖမ်းဆီးသွားတာပါ”ဟု ၎င်းနှင့်နီးစပ်သူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၎င်းအမျိုးသားကို ဖမ်းဆီးစဥ် စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အပြင် သတ်ဖြတ်ရန် ပြင်ဆင်နေကြသည့်အချိန်တွင် တော်လှန်ရေးအဖွဲ့ဘက်မှ ဒရုန်းဖြင့် လာရောက်ပျံဝဲခဲ့မှုကြောင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
“သတ်ဖို့ ပြင်ဆင်နေတဲ့ချိန်မှာ တော်လှန်ရေးတက်ဖွဲ့တွေရဲ့ ဒရုန်းတွေ ပျံဝဲလာတယ်။ စစ်သားတွေကတော့ ဒရုန်းကို ကြောက်ပြီး ထွက်ပြေးသွားကြတယ်။ အဲအခါမှာ သူလည်း လက်ပြန်ကြိုးတုပ်ခံထားရတဲ့ကြား ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ”ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်လာသည့် ချင်းအမျိုးသားသည် ရရှိလာသည့် ဒဏ်ရာများကို အိန္ဒိယဘက်ခြမ်းတွင် ဆေးဝါးကုသမှုများ ခံယူနေရကြောင်း သိရသည်။