‎ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် တိုက်ပွဲများအတွင်း ဆုံးရှုံးသွားသည့် ပွိုင့် ၂၂၇ ၏ ကာကင်းစခန်းများကို ပြန်လည်ရရှိရေးအတွက် စစ်တပ်က အပြင်းအထန် စစ်ကြောင်းထိုးလျက်ရှိရာ တိုက်ပွဲများအတွင်း အရာရှိများအပါအဝင် ထိခိုက်သေဆုံးသူ များပြားနေကြောင်း သိရသည်။

‎​တိုက်ပွဲများအတွင်း ဒဏ်ရာရရှိခဲ့သည့် စစ်တပ်မှ ဗိုလ်မှူးတစ်ဦးသည် အနောက်တောင်တိုင်းစစ်ဌာနချုပ် နတခရှိ မဆရ (၄)တွင် ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်းသိရပြီး ဗိုလ်မှူးအလောင်းကို ဇူလိုင် ၂၃ ရက် နံနက်က ရွှေမြင်တင်သုသာန်သို့ သွားရောက်ပို့ဆောင်ခဲ့ကြကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။

‎”အခုရက်ပိုင်း ရိုးဘက်ကို လေယာဉ်ဆက်တိုက်တက်တယ်။ ရေကြည်ဘက်ကိုဆင်းဖို့များတယ်။ ဒဏ်ရာရအရာရှိတွေကို သယ်ထုတ်နေကြတယ်လို့ သိရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎​လက်ရှိတွင် ရခိုင်စစ်မျက်နှာပြင်နှင့် နယ်စပ်တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အမြောက်အမြား ရှိနေသဖြင့် ပုသိမ်စစ်မြေပြင်ဆေးတပ်ရင်း မဆရ (၄) အပြင် ပုသိမ်ဆေးရုံတွင်ပါ ပို့ထားရပြီး ဒဏ်ရာရရှိသူများသည့်အတွက် ဟင်္သာတဆေးရုံသို့ ခွဲဝေပို့ဆောင်ကြောင်း သိရသည်။

‎​ရခိုင်စစ်မျက်နှာပြင်တွင် သေဆုံးသွားသူများ၏ ရုပ်အလောင်းများနှင့် ခြေလက်အင်္ဂါ ဖြတ်တောက်ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များကို လေကြောင်းလိုင်းများ အသုံးပြု၍ ဆက်တိုက် ပြန်လည်သယ်ယူနေရကြောင်း သိရသည်။

‎​စစ်တပ်သည် ဆုံးရှုံးသွားသော ပွိုင့် ၂၂၇ ၏ ကာကင်းစခန်းများကို ပြန်လည်ရရှိရေးအတွက် ထိခိုက်သေဆုံးမှု များပြားနေသည့်ကြားမှ စစ်ကြောင်းထိုးမှုများကို ဆက်လက်ပြုလုပ်
နေခြင်းဖြစ်သည်။