ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ စစ်တပ်၏ အရေးပါသော ရေတပ်စခန်းများနှင့် နယ်မြေအချို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်စစ်ရေးတင်းမာမှု ပြင်းထန်လျက်ရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တွေမြို့နှင့် အနီးဆုံးတွင်တည်ရှိသည့် စစ်တပ်၏ အကြီးဆုံးထောက်ပံ့ရေး ရေတပ်စခန်းဖြစ်သော ရွှေမင်းဂံရေတပ် (ချောင်းနွယ်ကျေးရွာအနီး) နှင့် ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
အဆိုပါ ရွှေမင်းဂံနယ်မြေအတွင်း ဇူလိုင် ၂၂ ရက်ညမှစ၍ ဇူလိုင် ၂၄ ရက်အထိ သုံးရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ရေတပ်အတွင်းကို AAက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ထားရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“လေကြောင်းကပါ အုပ်ဖွဲ့ပြီး ရေတပ်အနီးပစ်ကြတယ်ပြောပါတယ်။ ရေကြောင်းကနေလည်း စစ်တပ်က စစ်ကူတွေဖြည့်လာတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီးသို့လည်း AA မှ ချဉ်းကပ်ထိုးစစ်ဆင်လာနေသဖြင့် မြေပြင်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့ကတည်းက ရေချမ်းပြင်
ဘက်တွင် ထိတွေ့တိုက်ပွဲများ စတင်ခဲ့ရာ AA က စစ်တွေမြို့နယ်အတွင်း စစ်မျက်နှာသစ်ဖွင့်၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
စစ်တပ်ကလည်း အဆိုပါမြေပြင်တိုက်ပွဲများတွင် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ကူများအမြောက်အမြား အသုံးပြု၍ ခုခံလျက်ရှိသည်။ စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်အနီးရှိ ဝါဘိုနှင့် ခမောင်းတော ကျေးရွာများဘက်သို့လည်း လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုများ တောက်လျှောက်ရှိနေကြောင်း သိရသည်။
တိုက်ပွဲများ ရက်အနည်းငယ်ကြာ ပြင်းထန်လာပြီးနောက် ဇူလိုင် ၂၂ ရက်နေ့တွင် စစ်တပ်က စစ်တွေမြို့သို့ ရေကြောင်းမှတစ်ဆင့် စစ်ကူအင်အား ၂၀၀ ခန့် ထပ်မံဖြည့်တင်းခဲ့သည်။
စစ်တွေမြို့နှင့် တိုက်ပွဲများ နီးကပ်လာသဖြင့် မြို့ပတ်လည်တွင် ဘန်ကာများဆောက်လုပ်ခြင်း၊ အင်အားများဖြည့်တင်းခြင်းတို့ဖြင့် ခံစစ်ပြင်ဆင်ထားသလို မြို့တွင်း၌လည်း ကင်းလှည့်စစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်လျက်ရှိသည်။ အာရက္ခတပ်တော် (AA) ဘက်ကလည်း စစ်တွေမြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားသည့် အနေအထားတွင် ရှိနေသည်။