ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

 

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့အဝန်းစက်သုံးဆီအကြပ်အတည်းဖြစ်နေဖြစ်သော်လည်း မြန်မာနိုင်ငံတွင်ရွေးတုအစိုးရ၏ထိန်းချုပ်မူဝါဒများကြောင့်ပိုဆိုးနေကာ ယခုတစ်ပတ်စက်သုံးဆီ သတ်မှတ်ဈေးနှုန်းပြန်လည်မြင်တက်လာကြောင်း သတင်းရရှိသည်။

 

ယနေ့ ဇူလိုင် ၂၄ မှ ၃၀ ရက်နေ့အထိ‌ ရွေးတုအစိုးရလက်အောက်ရှိ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီဈေးနှုန်း သတ်မှတ်ချက်တွင် ယခင်တစ်ပတ်ထက် ကျပ် ၁၄၀ မှ ၄၂၀ ကျပ်အထိမြင့်တက်လာကြောင်းသိရသည်။

 

လက်ရှိစက်သုံးဆီဆိုင်များ၌ QR ဖြင့်သတ်မှတ်ချက်အတိုင်းဝယ်ယူရပြီး အချိန်နာရီနှင့်ချီ တန်းစီးရခြင်း မရှိသေးကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

ယခုတစ်ပတ်စက်သုံးဆီဈေးတွင် ဓာတ်ဆီ ၉၂ တစ်လီတာလျှင် ကျပ် ၃၃၅၀ ( ၁၄၀ ကျပ်မြင့်တက်)၊ ၉၅ တစ်လီတာလျှင် ၃၄၆၀ ( ၁၇၅ ကျပ်မြင့်တက်)၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၄၃၁၅ ကျပ်( ၄၂၀ ကျပ်မြင့်တက်) ၊ ဒီဇယ်တစ်လီတာလျှင် ၃၅၆၀ ကျပ်( ၃၈၅ ကျပ်မြင့်တက်) ဖြင့် ဈေးနှုန်းမြင့်တက်လာသည်။

 

ယခင်တစ်ပတ်ဈေးနှုန်းတွင် ၉၂ တစ်လီတာ ၃၂၁၀ ကျပ်၊ ၉၅ တစ်လီတာ ၃၂၈၅ ကျပ်၊ ပရီမီယံဒီဇယ် ၃၈၉၅ ကျပ်နှင့် ဒီဇယ် ၃၁၇၅ ကျပ်ဖြစ်ကြောင်းသိရသည်။

 

“ဒီနေ့အထိတော့ စက်သုံးဆီဝယ်လို့ရသေးတယ်။ တန်းမစီရသေးဘူး။ ရှေ့မှာရှိရင် တစ်ကား နှစ်ကားလောက်ပါပဲ။ အရင်လိုမဖြစ်သေးဘူး။ နောက်ဘယ်လိုဖြစ်မလဲသိသေးဘူး။ ဆီသတ်မှတ်အတိုင်းဝယ်ရတာက လုပ်ငန်းရှိတဲ့သူတွေအတွက်ခက်တယ်။ နောက် စုံ/ မ သတ်မှတ်ချက်ရော၊ အဲဒါတွေက လုပ်ကိုက်ရခက်တာ “ ရန်ကုန်မြို့ခံ လူသုံးကုန်ပစ္စည်းဖြန့်ချီသူတစ်ဦးက ပြောကြားသည်။

 

ယခုလပိုင်းစက်သုံးဆီဈေးက ယခင်ဈေးနှုန်းများထက်ကျဆင်းသော်လည်း ခရီးစရိတ်အပါအဝင် ကုန်ဈေးနှုန်းကျဆင်းနိုင်ခြင်းမရှိဘဲ ရွေးတုအစိုးရပိတ်ဆို့ကန့်သတ်မှုများကြောင့်ဈေးတက်လျက်ရှိသည်။

 

“ ကျွန်တော်တို့ အခုဆီတစ်လီတာကို ၅၅၀၀ နဲ့ဝယ်ရတယ်။ တစ်ဂါလုံကို နှစ်သောင်း။ အရင်တုန်းကတော့ တစ်သောင်းကျော်ထိပေးဝယ်ရတာ။ ဆီဈေးကျပေမယ့် ဆိုင်ကယ်ကယ်ရီခကိုလျော့ယူလိုက်လို့မရတော့ဘူး။ ပြင်ရတဲ့စရိတ်နဲ့ ကုန်ဈေးနှုန်းနဲ့မညီမျှဘူး။ ခရီးသည်တွေကိုတော့အားနာပါတယ်” ဟု လှိုင်သာယာမြို့နယ်မှ ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ဆိုသည်။

 

ထို့ပြင်စက်သုံးဆီပြန်လည်ရောင်းချသူများထဲတွင်ပုဂ္ဂိုလ်ကယာဉ်ပိုင်ရှင်သူဌေးများရောင်းချမှုများပြီး မော်တော်ယာဉ်သုံး စွဲမှုနည်းသူများကမူ သတ်မှတ်လီတာအတိုင်းစက်သုံးဆီများထုတ်ယူပြီး ပြန်လည်ရောင်းချနေ ကြောင်း ၎င်းက ဆိုသည်။

 

ရွေးတုအစိုးရသည် မတ်လမှစတင်က စက်သုံးဆီချွေတာရေးအဖြစ် အစိုးရဝန်ထမ်းများကို ဗုဒ္ဓဟူးနေ့တွင် ( WFH) သတ်မှတ်ခြင်း၊ ယာဉ်၏စွမ်းအားကိုမူတည်ပြီး QR Code ဖြင့် တစ်ပတ်လျှင်အများဆုံးနှစ်ကြိမ် ဆီဝယ်ယူနိုင်ရန် ပမာဏ သတ်မှတ်ထားခြင်း၊ စုံ/မ စနစ်သတ်မှတ်ခြင်းတို့ဖြင့် ထိန်းချုပ်ထားသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ် ( ပုံဟောင်း)