ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်
ထိုင်းနိုင်ငံသားဖြစ်ခွင့်ရရေးအတွက် ထိုင်းအမျိုးသားများကို အတုအယောင် ဖခင်အဖြစ် ဟန်ဆောင်ခိုင်း သည့် အမှု ၃၂ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ထုတ်ပေးခဲ့သော မွေးစာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်လည်စစ်ဆေးရန် ထိုင်း ပြည်သူ့ကျန်းမာရေး ဆိုင်ရာ လွှတ်တော်ကော်မတီက တောင်းဆိုထားသည်။
လက်ရှိတွင် ဖခင်အတုအဖြစ် ဟန်ဆောင်မှု ၃၂ မှုအပြင် ထပ်မံစစ်ဆေးရမည့် အမှုပေါင်း ၆၀၁ ခုအထိ ရှိနေသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလားတူ လိမ်လည်မှုများစွာ ရှိနေနိုင်ကြောင်း ကော်မတီ ဥက္ကဋ္ဌက ဆိုသည်။
ယခု စုံစမ်းစစ်ဆေးမှုသည် နိုင်ငံခြားသားများ၏ ငွေကြေးလိမ်လည်မှုနှင့် ငွေကြေးခဝါချမှုများအတွက် ၎င်းတို့၏ ကလေးငယ်များကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ရအောင် မှတ်တမ်းအတုများ ပြုလုပ်ပေးနေသည့် ရာဇဝတ်ဂိုဏ်းများကို အဓိကထား အရေးယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖခင်အတုအဖြစ် လိမ်လည်မှတ်ပုံတင်ထားသည့် အမျိုးသား ၁၅ ဦး၊ မိခင် ၁၅ ဦး အပါအဝင် ပါဝင်ပတ်သက်သူ ၃၅ ဦးကို ပြီးခဲ့သည့် ဧပြီ ၂၉ ရက်တွင် စတင်ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဇူလိုင် ၁၅ ရက်တွင် တရားစွဲဆိုထားသူ ၇၅ ဦးအထိ ရှိလာခဲ့သည်။
ထို့အပြင် နိုင်ငံသားဖြစ်ခွင့်ရရေး ကြိုးပမ်းသည့် ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်နေသည့် ပုဂ္ဂလိကဆေးရုံ ရှစ် ခုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီး ဆေးရုံမှ ထုတ်ပေးသည့် စာရွက်စာတမ်းအတုများကို မှတ်ပုံတ င်စနစ်အတွင်း ထည့်သွင်းပေးခဲ့သည့် အုပ်ချုပ်ရေးဆိုင်ရာ အရာရှိများကိုပါ ဆက်လက်စစ်ဆေး သွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နိုင်ငံသားဖြစ်ခွင့် ရရှိထားပြီးဖြစ်သည့် အဆိုပါ ကလေးငယ်များ၏ နိုင်ငံကူး လက်မှတ် ပြုလုပ်ထားခြင်းနှင့် ပြည်ပထွက်ခွာမှု မှတ်တမ်းများကိုပါ စစ်ဆေးမည်ဖြစ်သလို နိုင်ငံခြားသားများက အဆိုပါကလေးများကို အသုံးချ၍ မြေယာနှင့် အိမ်ရာပိုင်ဆိုင်မှုများ ရယူထားခြင်း ရှိမရှိကိုပါ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရုတ်လူမျိုး ကလေးငယ်များအတွက် ဖခင်အတု ရယူသည့် အမှုများအပြင် ရွှေ့ပြောင်းအလုပ်သမားများ ကလေးမွေးဖွားခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ မိခင်နိုင်ငံသို့ ပြန်လည်မွေးဖွားကြရန် တောင်း ဆိုမှုများလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။
ကိုးကား-The Nation