‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၂၄ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများကို ရွေးတုအစိုးရ စစ်တပ်က လေကြောင်းမှ နေ့ရောညပါ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ် များနှင့် အာရက္ခတပ်တော် (AA)၏ ထုတ်ပြန်ချက်အရ သိရသည်။

‎စစ်တပ်သည် ယနေ့ ဇူလိုင် ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း သံတွဲမြို့၊ ဒိုး‌ေတာင်ရပ်ကွက်ကို ဂျက်ဖိုက်တာများဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

‎”အခု ညနေ ၃နာရီကျော်ကလည်း သံတွဲကို ဗုံးလာကြဲပြန်ပါတယ်။ မနေ့ကဆို ညကြီးအထိ လာကြဲနေ တာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်တပ်သည် ယမန်နေ့ ‎ဇူလိုင် ၂၃ ရက်နေ့တွင် သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောနှင့် လင်းသာ ကမ်းခြေအနီးရှိ အရပ်သားများနေထိုင်ရာ နေရာ နှစ် ခုကို ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း AA က ထုတ်ပြန် သည်။

‎ထိုနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ဂျိတ္တော (၅) ရပ်ကွက်ရှိ ပုလဲရတနာဘုန်းကြီးကျောင်းနှင့် အနီး ပတ်ဝန်းကျင်ကို ဗုံးကြဲခဲ့သဖြင့် ဘုန်းကြီးကျောင်းနှင့် နေအိမ် ရှစ်လုံး ပျက်စီးခဲ့သည်။

‎အဆိုပါတိုက်ခိုက်မှုကြောင့် သံဃာတော်တစ်ပါးနှင့် ၁နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA က အတည်ပြုသည်။ ထို့အပြင် ထိုနေ့ မွန်းလွဲ ၁ နာရီ ၃၀မိနစ် ခန့်တွင်လည်း လင်းသာကမ်းခြေရှိ AZ Family Resort ကို ဂျက်ဖိုက်တာက ဗုံး နှစ် လုံး ကြဲချခဲ့ရာ ဘန်ဂလိုအချို့နှင့် ပြည်သူ့နေအိမ်များ ပျက်စီးပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

‎စစ်တပ်သည် သံတွဲမြို့ကို ပစ်မှတ်ထား၍ ဇူလိုင် ၁၉ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် နေ့ရောညပါ လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိရာ အရပ်သားထိခိုက်သေဆုံးမှုနှင့် အိုးအိမ် ပျက်စီးမှုများ ဆက်လက်တိုးပွားလျက်ရှိသည်။

ဓာတ်ပုံ-AA Info Desk