ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသည့်အပြင် လေထု မငြိမ်မသက်မှုများ ဖြစ်ပေါ်နေသောကြောင့် ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၂ ရက်နေ့အထိ တစ်နိုင်ငံလုံးနီးပါး မိုးဆက်လက်ကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ထုတ်ပြန်လိုက်သည်။
ဇူလိုင်လကုန်မှ ဩဂုတ်လဆန်းအထိ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းတို့အပြင် ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ငယ်ချောင်းငယ်များအနီး နေထိုင်သူများ အထူးသတိပြုရန် မိုး/ဇလ က အသိပေးထားသည်။
ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်မှုကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သလို မြို့နယ်အချို့၌ သစ်ပင်များကျိုးကျပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ MFS