ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

 

တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ဖိအားနှင့် ကြားဝင်တွန်းအားပေးမှုကြောင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့သည် လာမည့် ဩဂုတ်လအတွင်း နေပြည်တော်သို့ သွားရောက်၍ ရွေးတုစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးရန် ရှိနေကြောင်း သိရသည်။

 

အဆိုပါ ဆွေးနွေးပွဲများသည် ရွေးတုအစိုးရစစ်တပ်၏ “ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်” ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ယခုကဲ့သို့ တွေ့ဆုံမှုများ ဖြစ်မြောက်လာရေးမှာ တရုတ်နိုင်ငံ၏ တွန်းအားပေးမှုကြောင့်ဖြစ်ကြောင်း MNDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ သတင်းမီဒီယာများက ဖော်ပြထားသည်။

MNDAA နှင့် မဟာမိတ်ဖြစ်သည့် တအာင်းတပ်မတော် (TNLA) သည် နေပြည်တော်သို့ သွားရောက်ကာ ရွေးတုအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အခြား လက်နက်ကိုင် အဖွဲ့အစည်းများပါ အလားတူ သွားရောက်ဆွေးနွေးရန် ပြင်ဆင်လာကြခြင်း ဖြစ်သည်။

 

တရုတ်နှင့် MNDAA ခေါင်းဆောင်ပိုင်းတို့သည် ဇူလိုင်လအတွင်း နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြသည်။ ဇူလိုင်လ ပထမပတ်က ယူနန်ပြည်နယ် ကူမင်းမြို့၌ MNDAA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ဇူလိုင်လ တတိယပတ်တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့ လောက်ကိုင်မြို့သို့ ရောက်ရှိလာစဉ် နေပြည်တော်သို့ သွားရောက်၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် MNDAA အား ဒုတိယအကြိမ် ထပ်မံ တိုက်တွန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ တွေ့ဆုံမှု နှစ်ခုကြား ကာလအတွင်းမှာပင် လားရှိုးမြို့ရှိ ဆန်းရှန်ကောင်ဟိုတယ်၌ ရွေးတုစစ်တပ် ကိုယ်စားလှယ်အဖွဲ့နှင့် MNDAA တို့ တွေ့ဆုံခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ရွေးတုစစ်တပ်ဘက်က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် သိန္နီမြို့ အပါအဝင် MNDAA ထိန်းချုပ်ထားသော မြို့အချို့ကို ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

 

ပုံစာ-MNDAA နှင့် UWSA ခေါင်းဆောင်များကိုတွေ့ရစဉ်။