ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

စစ်အာဏာသိမ်းမှုနှင့် အကြမ်းဖက်မှုများကြောင့် အာဆီယံ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ဖယ်ကြဉ်ခံထားရသည့် စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရက ၎င်းတို့ ပြုလုပ်ခဲ့သော ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် ရွေးတုလွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်းသာ အာဆီယံနှင့် ဆက်လက်ပူးပေါင်းမည်ဟု ထုတ်ပြန်ချက်ထုတ်၍ တုံ့ပြန်ထားသည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ယမန်နေ့ ဇူလိုင် ၂၃ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီးတွင် ရွေးတုအစိုးရကို အာဆီယံက ဆက်လက် ပိတ်ပင်ထားရန် ဆုံးဖြတ် ခဲ့သည့်အပေါ် ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ စွပ်စွဲပြစ်တင်ကာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာခြင်း ဖြစ်သည်။

အဆိုပါ မနီလာ အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာဆီယံအထူး ကိုယ်စားလှယ် ဖြစ်သူ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက ရွေးတုသမ္မတ မင်းအောင်လှိုင် အပါအဝင် ထိပ်သီးပိုင်းများ၏ ဆောင်ရွက်ချက်များကို ဆက်လက် စောင့်ကြည့်အကဲဖြတ် သွားမည် ဖြစ်ပြီး လက်ရှိတွင် ထိပ်သီးအစည်းအဝေးများသို့ ပြန်လည် တက်ရောက်ခွင့်ရရေးမှာ “အလှမ်းဝေး နေဆဲ” ဟု အတည်ပြု ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ့အရေးကို ထိရောက်စွာ ကိုင်တွယ်နိုင်ရန် တစ်နှစ်တစ်ကြိမ် ပြောင်းလဲသည့် စနစ်အစား သက်တမ်း ပိုရှည်သည့် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန် သဘောတူခဲ့ကြပြီး စစ်ခေါင်းဆောင် များအား အစည်းအဝေး ပိတ်ပင်ထားရေးကိုလည်း အာဆီယံ အစည်းအဝေးတွင် ဆက်လက် အတည် ပြုခဲ့ကြသည်။

အာဆီယံ၏ ဖိအားပေးမှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက် ထိုင်းနိုင်ငံ၊ ဗန်ကောက် အစည်းအဝေးတွင် ရွေးတုအစိုးရနိုင်ငံခြားရေးဝန်ကြီးက “မြန်မာ့ကိုယ်ပိုင်နည်းလမ်း” ဖြင့်သာ ဆက်ဆံ ရေးကို ပြန်လည် ပုံမှန်ဖြစ်အောင် ဆောင်ရွက်မည်ဟု တင်ပြခဲ့ကြောင်း ရွေးတုအစိုးရ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍လည်း ၎င်းတို့ ရွေးတုလွှတ်တော်တွင် အရေး ကြီးအဆို အတည်ပြုထားသဖြင့် လေးစားလိုက်နာရန် လိုအပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းသာ ဆက်ဆံမည်ဖြစ်သည်။ထို့ပြင် အာဆီယံ၏ ဆောင်ရွက်ချက်များသည် ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သည်ဟု ရွေးတုအစိုးရက ထပ်မံ စွပ်စွဲထားသည်။

စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင် နောက်ဆုံး တက်ရောက်ခွင့်ရခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ ထိပ်သီးအစည်းအဝေးတွင် ချမှတ်ခဲ့သော အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူများ အပြုသဘော ဆွေးနွေးရန်၊ လူသားချင်းစာနာမှု အကူအညီများပေးရန်နှင့် အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ စေလွှတ်ရန်တို့ ပါဝင်သည်။

သို့သော် ရွေးတုအစိုးရကမူ ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ်များကို အထောက်အကူပြုမှသာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နှင့် ပတ်သက်၍ အပြုသဘော စဉ်းစားမည်ဟု ဆိုထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်