ဧရာဝတီတိုင်းမ်
(တီးတိန်)၊ ဇူလိုင်လ ၂၄ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ညဘက် လုံခြုံရေးကင်းလှည့်နေသည့် စစ်တပ်စစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ခံရပြီး ခြောက်ဦးဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (ဇိုလဲန်း) က ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်တပ်နှင့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) ပူးပေါင်းတို့ တီးတိန်မြို့နှင့် ကနေဒီတောင်ကြား လုံခြုံရေးကင်းလှည့်နေစဥ် ဇူလိုင် ၂၁ ရက်နေ့၊ ည ရှစ်နာရီဝန်းကျင်တွင် PDF ဇိုလဲန်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ညဘက် စစ်ကားတွေနဲ့ လုံခြုံရေးကင်း လှည့်ကြတာပါ။ စစ်တပ်ကို တိုက်တာပါ။ အခုတိုက်ပွဲကလည်း စစ်တပ်နဲ့ဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်” ဟု PDF ဇိုလဲန်း တပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ZRA ကလည်း ယမန့်နေ့ ထုတ်ပြန်ချက် ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်မှာ PDF ဇိုလဲန်း သည် မြေမြှုပ်မိုင်း၊ လက်နက်ငယ်နှင့် လက်နက်ကြီးများဖြင့် ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ZRA ရဲဘော် သုံးဥဦးသေဆုံးခဲ့သည်ဟု ဆိုသည်။