ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

 

ပြည်သူ့စစ်မှုထမ်း ဥပဒေအရ သတ်မှတ်ထားသည့် နှစ်နှစ် ပြည့်မြောက်သွားသော်လည်း နေအိမ်သို့ ပြည်မရောက်သူများရှိနေကြောင်း မိသားစုများထံက သတင်းရရှိသည်။

 

ရှေ့တန်းတာဝန် ကျန်ရှိနေခြင်း၊ ပြစ်ဒဏ်ကျခံနေရခြင်းနှင့် ဆေးကုသနေရခြင်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြန်ခွင့် မရသေးဘဲ တပ်တွင်း၌ ထိန်းသိမ်းခံထားရသည့် စစ်မှုထမ်းအများလည်း ရှိနေကြောင်း တပ်တွင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ဆင်ရေးနယ်မြေအတွင်း ရောက်ရှိနေသည့် စစ်မှုထမ်း အများစုသည် တပ်ပြောင်းရွှေ့မှုများနှင့်အတူ နောက်တန်းသို့ ပြန်လည်ရောက်ရှိရန် အချိန်ကြာမြင့်ပြီး စစ်မှုထမ်းကာလ ပြည့်မြောက်သွားသော်လည်း ချက်ချင်း ထွက်ခွင့်မရဘဲ အချိန်ဆွဲထားခြင်း ခံနေရခြင်းဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။

 

“ရှေ့တန်းက ပြန်မရောက်သေးတဲ့ စစ်မှုထမ်းတွေကို သတ်မှတ်ကာလပြည့်ပေမဲ့ တာဝန်က‌ထွက်ခွင့်မပေးဘဲ ဆက်လက်ထိန်းသိမ်းထားတာဟာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေနဲ့ မညီညွတ်ဘူးလို့ စစ်တပ် ထောက်ပြမဲ့သူတွေမရှ်ိဘူး၊ ဒါကြောင့် စစ်တပ်က သဘောနဲ့သူ လုပ်ချင်ရာလုပ်နေကြတာပါ”ဟု ဧရာဝတီတိုင်းရှိ စစ်မှုထမ်းမိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

လက်ရှိ ​ခွင့်မဲ့ပျက်ကွက်နှင့် ပြစ်ဒဏ်ကျခံရသည့် ကာလများ​တပ်အတွင်းမှ ထွက်ပြေးပြီး ပြန်လည်ဖမ်းဆီးရမိသည့် စစ်မှုထမ်းများမှာ အချုပ်အတွင်း အရေးယူခံနေရဆဲဖြစ်ကြောင်း သိရသည်။

ယင်းသို့ ထွက်ပြေးခဲ့သည့် ခွင့်မဲ့ပျက်ကွက်ကာလများနှင့် အချုပ်ကျခံရသည့် ရက်များကို စစ်မှုထမ်းကာလ နှစ် နှစ်အတွင်း ထည့်သွင်းတွက်ချက်ပေးခြင်း မရှိဘဲ၊ ထိုကျန်ရှိသည့် ကာလများအတွက် အစားထိုး၍ နှစ်နှစ်ပြည့်အောင် ထပ်မံတာဝန်ထမ်းဆောင်ရသည်ဟု သတင်းရင်းမြစ်ကဆိုသည်။

 

သို့လော်လည်း စစ်တပ်ကမက်လုံးပေးသည့်အနေဖြင့် ၁၀ တန်းအောင်မြင်သူများ တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့်ပါက ဒုတိယတပ်ကြပ်၊ ​ဘွဲ့ရရှိပြီးသူများစစ်မှုထမ်းသင်တန်း ဆင်းသည်နှင့် ဒုတိယတပ်ကြပ် အဆင့်ကိုရာထူးတိုးပေးကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

 

ထို့ပြင် တိုက်ပွဲအတွင်း သေဆုံးသည့် ပြည်သူ့စစ်မှုထမ်းအများစု၏ ရုပ်အလောင်း သို့မဟုတ် အရိုးပြာများကိုပင် သက်ဆိုင်ရာ မိသားစုများထံ ပြန်လည်ပို့ဆောင်ပေးခြင်းမရှိဘဲ စစ်ဆင်ရေးနယ်မြေအတွင်းသာ သင်္ဂြိုဟ်လိုက်ရပြီး နေရပ်သို့ ပြန်မရောက်နိုင်သည့် အခြေအနေများလည်းရှိနေကြောင်း စုံစမ်းသိရှိရသည်။

 

ဓာတ်ပုံ-နေအိမ်ပြည်လည်ရောက်ရှိသည့် ပြည်သူ့စစ်မှုထမ်းအချို့နှင် တပ်တွင်းရှိ စစ်မှုထမ်းများ