ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

 

ရွေးတုအစိုးရ၏ သွင်းကုန်လိုင်စင် ပိတ်ဆို့ ချုပ်ချယ်မှုများကြောင့် ခွင့်ပြုမိန့် မရမီ ဆိပ်ကမ်းများသို့ ရောက်ရှိလာသည့် ကုန်သေတ္တာ ၅၂ လုံးစာရှိ ပြည်ပကုန်ပစ္စည်းများကို လာမည့် ဩဂုတ် ၈ ရက်တွင် လေလံတင် ထုခွဲရောင်းချမည်ဖြစ်ကြောင်း လေလံတင်ထုခွဲရောင်းချရေးအဖွဲ့၏ ယနေ့ ဇူလိုင် ၂၃ ရက်နေ့ ကြေညာချက်အရ သိရသည်။

 

ရန်ကုန်ရှိ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် မြန်မာ အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း (MITT) တို့သို့ ရောက်ရှိလာသည့် အဆိုပါ ပြည်ပကုန်ပစ္စည်းများကို လိုင်စင် ခွင့်ပြုချက် မရမီ တင်သွင်းလာသည်ဟုဆိုကာ ပြည်သူ့ဘဏ္ဍာအဖြစ် အကြောင်းပြ သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီးလက်ရှိ မျက်မြင် အခြေအနေအတိုင်း လေလံတင် ရောင်းချမည်ဟု ဆိုသည်။

 

လက်ရှိတွင် ရွေးတုအစိုးရထံ သွင်းကုန်လိုင်စင် လျှောက်ထားရာ၌ ခွင့်ပြုမိန့် ကြန့်ကြာခြင်း၊ လိုင်စင် ပိတ်ပင်ထားခြင်းများကြောင့် ရေကြောင်း ခရီးစဉ် ကြာမြင့်ချိန်နှင့် ချိန်ဆ၍ လုပ်ငန်းရှင်များက ကုန်ပစ္စည်းများကို အရင် တင်သွင်းလာကြပြီး လိုင်စင်မကျခင်ကုန်ပစ္စည်းများရောက်လာပါက ဒဏ်ကြေးပေးဆောင်ပြီး ပစ္စည်းထုတ်မှုများရှိကြောင်း သွင်းကုန်/ပို့ကုန်လုပ်ငန်း လုပ်ဆောင်သူ ကိုယ်စား လှယ်များထံမှ သိရသည်။

“ဒီကာလက လိုင်စင် ချမပေးတော့ ရသလိုပဲ လုပ်နေကြရတာ။ အခု သိမ်းခံထားရတာတွေက မူရင်း ပိုင်ရှင်တွေ ပြန်လိုက်ကြတာ များတယ်။ တချို့ကျတော့လည်း လိုင်စင်ပါတာနဲ့ မပါတာ ရောသွင်းလာတာမျိုး ရှိတယ်။ စစ်လို့တွေ့ရင် သိမ်းခံရတာပဲ။ လိုင်စင်ကျမှ ပစ္စည်းသွင်းမယ်ဆိုရင် ပိုကြာတယ်။ သင်္ဘောနဲ့ လာရတာ လမ်းမှာ လနဲ့ချီ ကြာတာဆိုတော့ ပစ္စည်း အရင်လာ၊ လိုင်စင် လျှောက်မရတဲ့အခါ သိမ်းခံရ၊ ပြန်ရွေးနဲ့ ဒီလိုပဲ အခက်အခဲကြားက လုပ်နေကြရတာ” ဟု သွင်းကုန်/ပို့ကုန်လုပ်ငန်း ကိုယ်စားလှယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရွေးတုအစိုးရသည် ပြည်ပမှ ကုန်ပစ္စည်းများကို လိုင်စင် မရမီ တင်သွင်းလာသည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကို အရေးယူရန် စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားပြီး အဆိုပါ ဖမ်းဆီးရမိ ကုန်ပစ္စည်းများကို လေလံတင် ထုခွဲရောင်းချရေး လုပ်ငန်းအဖွဲ့က ကြော်ငြာကာ ပြန်လည် ရောင်းချနေခြင်း ဖြစ်သည်။

 

အလားတူ အကောက်ခွန် ဦးစီးဌာနက ပြည်သူ့ဘဏ္ဍာအဖြစ် အကြောင်းပြ သိမ်းဆည်းထားသည့် ဘက်ထရီအသစ်များ၊ ထုပ်ပိုးပစ္စည်းများ၊ စပီကာများနှင့် မော်တော်ယာဉ် အပိုပစ္စည်းများကိုလည်း လာမည့် ဇူလိုင် ၃၀ ရက်တွင် ပြင်ပသို့ လေလံတင် ရောင်းချမည်ဟု ထုတ်ပြန်ထားသည်။

 

ရွေးတုအစိုးရ၏ ပြည်တွင်းထုတ်ကုန် တိုးတက်ရေးနှင့် သွင်းကုန် အစားထိုးရေးဆိုသည့် မူဝါဒများသည် လက် တွေ့ ပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီမှု မရှိဘဲ၊ ကုန်ပစ္စည်း လိုအပ်ချက် ပြတ်လပ်ကာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်သည့် ဒဏ်ကိုသာ ပြည်သူလူထုက ခံစားနေရသည်။

 

လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ကုန်သေတ္တာ ၂၂ လုံးတွင် ပါဝင်သည့် SUCCESS တံဆိပ်ပါ ဂျုံမှုန့်များ၊ အေးခဲ ပြည်ကြီးငါးများနှင့် ခဲနိုက်ထရိတ် (ဓာတုဗေဒ ပစ္စည်းများ) ကို လေလံတင် ထုခွဲရောင်းချခဲ့ရာ သက်တမ်းကုန်လွန်နေသည့် (Expired) ပစ္စည်းများ ပါဝင်ခဲ့ကြောင်း စုံစမ်းမှုများအရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)