ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

 

စစ်အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် အထိနာ စစ်ရှုံးနေသည့် စစ်အုပ်စုသည် တပ်အင်အား လျော့နည်း ပြုန်းတီးမှုကို ဖြည့်တင်းရန် ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် နေ့ညမရွေး ဖမ်းဆီး ပေါ်တာဆွဲနေမှုများကို ရွေးတုအစိုးရ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ရွေးတုလွှတ်တော် အစည်းအဝေးတွင် ထုတ်ဖော် ဝန်ခံခဲ့သည်။

 

ယမန်နေ့ ဇူလိုင် ၂၂ ရက်က ပြုလုပ်သည့် ရွေးတုလွှတ်တော် အစည်းအဝေးတွင် ခန္တီးမဲဆန္ဒနယ်မှ ရွေးတုအမတ် ဦးဂုဏ်ဝမ်းက စစ်မှုထမ်းကိစ္စ မေးမြန်းစဉ် ရွေးတုအစိုးရ ပြည်ထဲရေးဒုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တပ်သားသစ် စုဆောင်းရာ၌ အမည်စာရင်း ပါရှိသူများသည် နည်းမျိုးစုံဖြင့် အခြားဒေသသို့ တိမ်းရှောင်နေကြသဖြင့် ၎င်းတို့ သွားလာရာ လမ်းကြောင်းများနှင့် နေအိမ်များအထိ စောင့်ကြည့် ဝင်ရောက်ကာ ဆင့်ခေါ်ရခြင်းဖြစ်ပြီး အများပြည်သူ အမြင်တွင်မူ အဓမ္မ ဖမ်းဆီးသည့် သဘော ဖြစ်နေကြောင်း ဒုဝန်ကြီးက ဝန်ခံခဲ့သည်။

စစ်ခေါင်းဆောင်း မင်းအောင်လှိုင် လက်မှတ်ရေးထိုးအတည်ပြုခဲ့သည့် အဆိုပါ စစ်မှုထမ်းဥပဒေသည် အရွယ်ရောက်သူ လူငယ်များကို ပစ်မှတ်ထား၍ “အိမ်ကြက်ချင်း အိုးမဲသုပ် တိုက်ခိုင်းသည့်” နည်းလမ်းဖြစ်သော်လည်း မြေပြင်တွင် အသက်အရွယ် မရွေး ခြိမ်းခြောက် ဆင့်ခေါ်ကာ ငွေညှစ်တောင်း ယူနေပြီး ငွေမပေးနိုင်ပါက ဖမ်းဆီး၍ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်နေခြင်း ဖြစ်သည်။

 

ထိုသို့ ပို့ဆောင်ခံရသူများကိုလည်း မိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်ထားပြီး စစ်မြေပြင်တွင် လူသားဒိုင်းသဖွယ် အသုံးချခံနေကြောင်း လက်နက်ချ အလင်းဝင်လာသည့် စစ်မှုထမ်း တပ်သားသစ်များ၏ ထွက်ဆို ထားသည်။

 

ထို့ပြင် စစ်မှုထမ်း မဝင်လို၍ ပြည်တွင်းပြည်ပသို့ တိမ်းရှောင်နေသူများ၏ အမည်စာရင်းကို မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေထား ကြောင်းလည်း ပြည်ထဲရေးဒုဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။ ထိုသို့ တိမ်းရှောင်သူများကို ဧည့်စာရင်း စစ်ဆေးစဉ် တွေ့ရှိပါက စစ်မှုထမ်း နည်းဥပဒေဖြင့် အမှုဖွင့် အရေးယူမည်ဟု ဆိုထားပြီး လက်ရှိတွင် ခန္တီးမြို့၌ စစ်မှုထမ်း ၃၂၀ ဦး စုဆောင်းထားကာ တိမ်းရှောင်သူ ၁၆ ဦးကို ဖမ်းဆီးထားကြောင်း ထုတ်ဖော်ခဲ့သည်။

ရွေးတုအစိုးရသည် ၎င်းတို့ ပြည်ထဲရေးဒုဝန်ကြီး၏ ဝန်ခံချက် ရုပ်သံဖိုင် ပျံ့နှံ့သွားပြီးနောက် ယနေ့ ဇူလိုင် ၂၃ ရက်ထုတ် ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ခန္တီးမြို့နယ် အကြောင်းအရာကိုသာ မီးမောင်းထိုး ဖော်ပြခဲ့ပြီး နိုင်ငံတစ်ဝန်း အဓမ္မ ဖမ်းဆီး ပေါ်တာဆွဲနေမှုကို ပြည်ထဲရေးဒုဝန်ကြီး ကိုယ်တိုင် ဝန်ခံခဲ့သည့် အချက်ကိုမူ ဖုံးကွယ် ထိန်ချန်ထားကြောင်း တွေ့ရသည်။

 

လက်ရှိတွင် နေပြည်တော်နှင့် ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း၌ အရွယ်မရောက်သေးသူ ကလေး သူငယ်များနှင့် လူငယ်များကို စစ်မှုထမ်းရန်အတွက် ရွေးတုအစိုးရစစ်တပ်က ဖမ်းဆီးပေါ်တာဆွဲ နေမှုမျယးကို ခပ်စိပ်စိပ် လုပ်ဆောင်လာပြီး နေအိမ်များအထိ ဝင်ရောက် ခြိမ်းခြောက် ငွေညှစ်ခြင်းနှင့် အတင်းအဓမ္မ ဖမ်းဆီးခြင်းများဆက်လက် ပြုလုပ်လျက် ရှိသည်။

 

ဓာတ်ပုံ – ရွေးတုလွှတ်တော်၊ စစ်အုပ်စု