ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

 

ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝပ်ခရိုင်၊ ရန်ငဲမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို အနက်ရောင် ဝတ်ဆင်ထားသည့် တိုက်ခိုက်ရေးသမားအုပ်စုက သေနတ်များဖြင့် ပစ်ခတ်ကာ ပိုက်ဗုံးများဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပြည့်သူ့စစ်(Ranger) ငါး ဦးသေဆုံးကာ အရပ်သား ငါး ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

အနက်ရောင်ဝတ်ဆင်ထားသည့် တိုက်ခိုက်ရေးသမား ခြောက် ဦးသည် ယမန်နေ့ ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းတွင် Nissanပစ်ကပ်ကားတစ်စီးဖြင့် အဆိုပါစစ်ဆေးရေးဂိတ်သို့ရောက်ရှိလာပြီး လက်နက် ငယ်များ၊ ပိုက်ဗုံးများဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ဒဏ်ရာရရှိခဲ့သည့် အရပ်သား ငါး ဦးအနက် နှစ်ဦးမှာယောကျာ်းလေးငယ်များ ဖြစ်ကြပြီး လက်ရှိတွင် ဒေသတွင်းဆေးရုံများသို့ ပို့ဆောင်ကုသလျက်ရှိကြောင်းလည်း သိရသည်။

စစ်ဆေးရေးဂိတ်အား တိုက်ခိုက်သူများမှာ ဒူဆောင်ယိုမြို့ဘက်သို့ ထွက်ပြေးသွားကြပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ထွက်ပြေးနိုင်သည့် လမ်းကြောင်းများတလျှောက် စစ်ဆေးရေးဂိတ်များနှင့် လမ်းပိတ်ဆို့မှုများပြုလုပ်ကာ တိုးမြှင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲမှုဒေသ(၄) ရှေ့တန်းကွပ်ကဲမှုဌာနကလည်း ယခုတိုက်ခိုက်မှု ဖြစ်စဉ်ကို ရှုံ့ချ၍ ၎င်းတို့ကို ဥပဒေအရအရေးယူသွားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံများ၏ ယုံကြည်မှုကိုပြန်လည်တည်ဆောက်နိုင်ရန် လုံခြုံရေးဆိုင်ရာအစီအမံများကို ပိုမိုချမှတ်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

ထို့ပြင် ထိုင်းတောင်ပိုင်းနယ်စပ်အတွက် လုံခြုံရေးယူပေးရင်း အသက်ပေးခဲ့ရသည့် ပြည်သူ့စစ် ငါး ဦးကို ဂုဏ်ပြုကြောင်းနှင့် သေဆုံးသူများ၏မိသားစုများကိုလည်း ဝမ်းနည်းကြောင်းပြောဆိုခဲ့ပြီး ၎င်းတို့ ရရှိမည့် လူမှုဖူလုံရေးအထောက်အပံ့များ၊ အကျိုးခံစားခွင့်အကူအညီများကို အပြည့်အဝပေးဆောင် သွားမည်ဟုလည်း ပြောဆိုခဲ့သည်။