ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်
အာဏာသိမ်းပြီးနောက် စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရ၏ အပစ်အခတ်ရပ်စဲရေး အစီအမံများမှာ နိုင်ငံရေးအနှစ်သာရ ကင်းမဲ့နေပြီး အာဏာရှင်ဆန်သည့် ပဋိပက္ခ စီမံခန့်ခွဲရေး၊ တော်လှန်ရေး အတိုက်အခံ အင်အားစုများ အကွဲကွဲအပြားပြား ဖြစ်နေစေရေးနှင့် စစ်အုပ်ချုပ်မှု ခိုင်မာရေးကိုသာ ဦးတည် နေကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က ဆန်းစစ်ထုတ် ပြန်ထားသည်။
ထိုအတွက် ရွေးတုအစိုးရသည် ၎င်းတို့ ရွေးချယ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) များထံ ဦးတည်၍ တစ်ဖွဲ့ချင်းစီ အပစ်ရပ်နိုင်မည့် ဗျူဟာကို ချမှတ် ကျင့်သုံးခဲ့ကြောင်း ISP-Myanmar က “တစ်ဖွဲ့ချင်းနှင့် အပစ်ရပ်ရေး ဆန်းစစ်ချက် – အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေသော မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်” စာတမ်းတွင် ဖော်ပြထားသည်။
“အဲဒီ အစီအမံတွေဟာ နိုင်ငံရေးအနှစ်သာရ ကင်းမဲ့နေပြီး အာဏာရှင်ဆန်တဲ့ ပဋိပက္ခ စီမံခန့်ခွဲရေး၊ အတိုက်အခံ အုပ်စုတွေ အကွဲကွဲအပြားပြား ဖြစ်နေစေရေးနဲ့ စစ်အုပ်ချုပ်မှု ခိုင်မာရေးဆီကို ဦးတည် နေတာ လေ့လာတွေ့ရှိရပါတယ်” ဟု ISP-Myanmar ၏ စာတမ်းတွင် ဆိုထားသည်။
ယင်းအပြင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူဘောင်များကို အခြေခံကျကျ ပြန်မပြင်နိုင်ပါက နိုင်ငံသည် စစ်တပ် ဦးဆောင်သော အာဏာရှင်စနစ် အဆိုးကျော့ သံသရာအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထပ်မံ ရောက်ရှိသွားနိုင်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီစနစ်သို့ ဦးတည်မည့် အခွင့် အလမ်းများပါ လက်လွှတ်ရမည့် ဘေးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှ ၂၀၂၆ ခုနှစ် မတ်လအထိ ငါးနှစ်ကျော် ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အခင်းအကျင်းများ၌ ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို ISP-Myanmar က ဆန်းစစ်ထားခြင်းဖြစ်ပြီး ရွေးတုအစိုးရသည် တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် (NCA) မူဘောင်မှ စနစ်တကျ သွေဖည်ခဲ့ကြောင်း ထောက်ပြထားသည်။
ရွေးတုအစိုးရ၏ အစီအမံများသည် အင်အားစု အစုံအလင် မပါဝင်သည့်အတွက် ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုဆီသို့ ဦးတည်သော အသွင်ကူးပြောင်းမှုအဖြစ် မှတ်ယူ၍ မရသလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အားမပေးဘဲ လက်နက်သဖွယ် အသုံးချနေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ရက် (၁၀၀) စီမံချက် ချမှတ်၍ ငြိမ်းချမ်းရေးအတွက် ရွေးတုအစိုးရ၏ ဖိတ်ခေါ်နေမှုသည် “မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်” လုပ်ဆောင်နေခြင်းဖြစ်သည်ဟု တော်လှန်ရေး အင်အားစုများနှင့် စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက တုံ့ပြန်ထားကြသည်။ စစ်အုပ်စုသည် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှုများကို ဆက်လက် ကျူးလွန်နေသဖြင့် အတိုက်အခံ တပ်ဖွဲ့များ ကလည်း ဆက်လက် ခုခံတော်လှန်လျက် ရှိသည်။
ထိုသို့ အကြမ်းဖက်မှုများကြောင့် ရွေးတုအစိုးရကို ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ အများစုက တရားဝင် အသိအမှတ်ပြုခြင်း မရှိဘဲ ပိတ်ဆို့ ဒဏ်ခတ် မှုများ ပြုလုပ်ထားသည်။
တစ်ဖက်တွင်လည်း အာဏာသိမ်းမှုကို ခုခံတော်လှန်ခြင်း မရှိဘဲ ထိတွေ့ ဆက်ဆံနေသည့် NCA လက်မှတ်ထိုး EAO အချို့အပြင် အိမ်နီးချင်း တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် မြောက်ပိုင်း ညီနောင် အဖွဲ့အချို့နှင့် ရွေးတုအစိုးရ တွေ့ဆွေးနွေးမှုများ ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – MOI