ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် ရွေးတုအစိုးရ လက်အောက်ခံ စစ်တပ်က စစ်ကြောင်းထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ ဒေသခံများကို လူသား ဒိုင်းအဖြစ် ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်မှ စတင်ကာ မြို့ကိုင်း၊ ချောင်းခွ၊ ညောင်ပင်သာနှင့် ကွက်သစ်စသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက် ရှိသကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက် ခြင်းများကိုပါ ပြုလုပ်လျက် ရှိသည်။

“ကြို့ပင်ကောက်က ကျခတ်တန်းနဲ့ အလည်ကုန်းမှာ အထိုင်ချပြီး အနီးပတ်ဝန်းကျင် ရွာတွေကို လိုက်ဒုက္ခပေးနေတာပါ။ အုတ်ဖိုက ပေါင်းတည်စု၊ ကြို့ကိုး၊ ပင်ဝိုင်း စတဲ့ အထိုင်ချတဲ့ နေရာတွေကနေပြီး မွှေနေတုန်းပါပဲ” ဟု ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကြို့ပင်ကောက်မြို့နယ်၌ ပြီးခဲ့သည့် ဇူလိုင် ၈ ရက်ကလည်း ကျခတ်တန်းကြီးကျေးရွာသို့ အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် ရွေးတုစစ်တပ်က လယ်ကွင်းအတွင်းရှိ တောင်သူ တစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ကြို့ပင်ကောက်မြို့နယ်နှင့် နယ်မြေထိစပ်နေသည့် အုတ်ဖိုမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇွန်လမှ ယနေ့အထိ ရွေးတုစစ်တပ်က လှည့်လှည် စစ်ကြောင်းထိုးကာ ဒေသခံများကို သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ရန်တိုက်ကာ အနုနည်းဖြင့် စည်းရုံးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
ပုံစာ – ရွေးတုစစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ကျွမ်းနေသည့် မြို့ကိုင်းကျေးရွာ