ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

 

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာ အဆင့်မြင့်ဈေးအနီးတွင် အမျိုးသားတစ်ဦးအား ဓားဖြင့် ထိုးသတ်၍ ဆိုင်ကယ်လုယူခဲ့သည့် တရားခံ နှစ် ဦးကို ခရိုင်တရားရုံးက သေဒဏ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်လိုက်သည်။

 

လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်က သီရီအနော်ရထာ (၁၁) လမ်းတွင် ဆိုင်ကယ်စီးနင်းလာသည့် အသက် (၂၇) နှစ်အရွယ် ကိုကျော်ဝင်းထွန်းအား ကျော်ထက်ဦးနှင့် အောင်သူဝင်း (ခ) ကိုသူ တို့က ဓားဖြင့်ထိုးသတ်ကာ ဆိုင်ကယ်လုယက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျူးလွန်သူ ၂ ဦးကို CCTV မှတ်တမ်းများမှတစ်ဆင့် ဇူလိုင်လ ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ပျဉ်းမနားခရိုင်တရားရုံး၌ တစ်နှစ်ကျော်ကြာ တရားစွဲဆို စစ်ဆေးခဲ့ပြီးနောက် ယခုနှစ် ဇူလိုင် ၂၀ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄ တို့ဖြင့် တရားခံနှစ်ဦးစလုံးအား မသေမချင်း ကြိုးကွင်းစွပ်သေဒဏ်အပြင် အလုပ်နှင့် ထောင် ဒဏ် ၁၀ နှစ်စီ အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

စစ်တပ်က မတရား အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့်အတူ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ယန္တရားများ ပျက်စီးယိုယွင်းလာသဖြင့် စစ်ရုံးချုပ်တည်ရှိရာ နေပြည်တော်အပါအဝင် မြို့ကြီးများတွင်ပင် နေ့ခင်းကြောင်တောင် ဓားပြတိုက်မှု၊ လူသတ် လုယက်မှုနှင့် ခိုးဆိုးလုနှိုက် ဖြစ်စဉ်များ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည်။