ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂

ထောင်ဒဏ် ၇ နှစ် ကျခံနေရပြီး လာမည့် စက်တင်ဘာလအတွင်း လွတ်ရက်စေ့တော့မည်ဖြစ်သည့် နာမည်ကျော် MMA နှင့် ရိုးရာလက်ဝှေ့ အားကစားသမား သော်ထူးနိုင် (ခ) ကိုဖိုးသော်ကို ရွေးတုအစိုး ရစစ်တပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ) ဖြင့် ထပ်မံ တရားစွဲဆိုလိုက်ကြောင်း တရားရုံး သတင်းရင်းမြစ်ထံမှ သိရသည်။

အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ထိန်းသိမ်းခံထားရသူ ကိုဖိုးသော်သည် အကျဉ်းဦးစီးဌာန၏ တရားဝင် စာပေးပို့မှု လုပ်ငန်းစဉ်အတိုင်း MMA ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း ကြိုးဝိုင်းအတွင်းမှ အနားယူသည့်အပေါ် ထောင်တွင်းမှ ဂုဏ်ပြုစာ ပေးပို့ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ အမှုထပ်မံဖွင့်လှစ် တရားစွဲခံရခြင်း ဖြစ်သည်။

အဆိုပါအမှုကို ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၏ အမိန့်လက်မှတ်ဖြင့် ဗဟန်းမြို့မ ရဲစခန်းက တရားလိုပြုလုပ် စွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အလုံခရိုင် တရားရုံး၌ တရားသူကြီး ဒေါ်ဇင်မာအောင်က ကြားနာစစ်ဆေးလျက် ရှိကာ အစိုးရရှေ့နေအဖြစ် ဦးနေအောင်က လိုက်ပါ ဆောင်ရွက်နေကြောင်း သိရသည်။

ကိုဖိုးသော်သည် ၂၀၂၁ ခုနှစ် မေလ ၅ ရက်က ရန်ကုန်မြို့ Utopia Tower ရှိ ၎င်း၏ Fitness Gym တွင် ပေါက်ကွဲမှု ဖြစ်ပွားစဉ် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။ အာဏာသိမ်း စစ်အုပ်စုသည် ထိုစဉ်က မိုင်းစမ်းသပ်စဉ် ပေါက်ကွဲခြင်းဖြစ်သည်ဟု စွပ်စွဲ၍ လက်နက်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့်အတူ အပေါင်းအပါများကိုပါ ဖမ်းဆီးခဲ့ပြီး ဖောက်ခွဲရေးပစ္စည်း အက်ဥပဒေအပါအဝင် ပုဒ်မ သုံး ခုဖြင့် ထောင်ဒဏ် ခုနစ် နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယခု ထပ်မံ တရားစွဲဆိုထားသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ) သည် အကြမ်းဖက် လုပ်ငန်းသုံး လက်နက်ခဲယမ်းများနှင့် ပစ္စည်းကိရိယာများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် ဖွက်ထားခြင်းဆိုင်ရာ ပြစ်မှုဖြစ်ပြီး ပြစ်မှုထင်ရှားပါက အနိမ့်ဆုံး ထောင်ဒဏ် ၇ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ထပ်မံ ကျခံရနိုင်ကြောင်း သိရသည်။

ပုံစာ-ဖိုးသော်၊