ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်ကြောင်းထိုး မီးရှို့ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခြင်းများကို ဆက်တိုက် ကျူးလွန်နေသည့် ရွေးတုသမ္မတ မင်းအောင်လှိုင်က မိမိတို့အား ခုခံတော်လှန် မှုများသည် ဒေသနှင့် ပြည်သူ့အကျိုးစီးပွားကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုလိုက်သည်။

ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ၎င်း၏ လက်အောက်ခံ ရန်ကုန်နှင့် ပဲခူးတိုင်းတို့မှ ရွေးတုအစိုးရ အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများနှင့် ယမန်နေ့ ဇူလိုင် ၂၁ ရက်က တွေ့ဆုံစဉ် ထိုသို့ ဝါဒဖြန့် စည်းရုံး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“လက်နက်ကိုင် အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနေတာဟာ ဖြေရှင်းနည်း အစစ်အမှန် မဟုတ်ဘဲ ၎င်းတို့ ကျင်လည်ရာ ဒေသနဲ့ ဒေသခံတို့ရဲ့ အကျိုးစီးပွားကို ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်” ဟု ရွေးတုသမ္မတ မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

ထို့ပြင် ခုခံတော်လှန်သူများသည် ဒေသနှင့် နိုင်ငံ၏ အနာဂတ်ကို နှောင့်ယှက် ဖျက်ဆီးနေခြင်းဖြစ်ပြီး မိမိတို့ ရွေးတုအစိုးရအနေဖြင့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို ဒီမိုကရေစီ နည်းလမ်းတကျ ဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

သို့သော် လက်တွေ့တွင် စစ်အုပ်စုက စိတ်ကြိုက် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ရွေးတုသမ္မတ မင်းအောင်လှိုင် ကိုယ်တိုင် ချိုးဖောက်၍ ပြည်သူကရွေးချယ်ထားသည့် အရပ်သား အစိုးရကို မဲမသမာမှု အကြောင်းပြကာ မတရား သဖြင့် အာဏာသိမ်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ခုခံတော်လှန်မှု အားကောင်းသည့် ဒေသများကို စစ်ကြောင်းထိုး မီးရှို့ သတ်ဖြတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။

ထို့အပြင် ဘာသာရေး အဆောက်အအုံများ၊ ဆေးရုံ၊ ဆေးခန်းများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက် တပ်စွဲနေသည့် ရွေးတုသမ္မတက “ပညာရေး အားနည်းသူ အများစုမှာ PDF ဖြစ်သွားကြသည်” ဟု ထပ်မံ စွပ်စွဲခဲ့သည်။

၎င်းတို့အနေဖြင့် ပညာရည် မြင့်မားရေးကို ဦးစားပေး လုပ်ဆောင်နေပြီး နိုင်ငံအတွက် လိုအပ်သည့် လူသား အရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး တိုင်းနှင့် ပြည်နယ်အလိုက် ဝိုင်းဝန်း ကြိုးပမ်း ကြရန်လည်း ရွေးတုသမ္မတက ဝါဒဖြန့် စည်းရုံး သိမ်းသွင်းခဲ့သည်။

တစ်ဖက်တွင်မူ စစ်ရေး ရှုံးနိမ့်မှုများနှင့် တပ်အင်အား ပြုန်းတီးမှုများကို ပြန်လည်ဖြည့်တင်းရန် ပြည်သူ့ စစ်မှုထမ်း ဥပဒေကို အသက်သွင်းကာ အရွယ်ရောက်သူ လူငယ်များအပါအဝင် ပြည်သူများကို အဓမ္မ ဖမ်းဆီး စုဆောင်းလျက်ရှိသည်။

ဓာတ်ပုံ – MOI