ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ရှေ့တန်းစစ်မျက်နှာသို့ တပ်အချိန်းအပြောင်းပြုလုပ်ရန် တက်လာသည့် ရွေးတုအစိုးရ၏ တပ်မ (၂၂) ယာဉ်တန်းမှ စစ်သုံးမော်တော်ယာဉ်တစ်စီးသည် အာရှလမ်း မပေါ်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ရွေးတုအစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင် နှစ် ဦး သေဆုံးကာ ၁၀ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
တပ်အပြောင်းအလဲလုပ်ရန် စစ်ကား ရှစ် စီးဖြင့် မြဝတီအခြေစိုက် ခလရ ၂၇၅ သို့ တက်လာသည့် စစ်တပ်ယာဉ်တန်းများအနက် ယာဉ်တစ်စီးသည် ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ကျော်ခန့်က သင်္ဃန်းညီနောင်နှင့် မြဝတီအကြား အာရှလမ်းမပေါ်ရှိ ကွမ်းသီးတောကွေ့ အဆင်းတွင် လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။
“စစ်ကား ၈ စီးမှာ တစ်စီးက ကွမ်းသီးတောလမ်းအဆင်းမှာ မှောက်တာပါ။ နေ့လယ် ၁၂ နာရီကျော် လောက်မှာ ဖြစ်တာ။ မြဝတီနဲ့ သင်္ဃန်းညီနောင်က ကူညီကယ် ဆယ်ရေးကားတွေ သွားကူပေးခဲ့ရတယ်။ စစ်သားနှစ် ယောက် သေတယ်။ ၁၀ ယောက်လောက် ဒဏ်ရာရတယ်။ မှောက်သွားတဲ့ စစ်ကားကိုလည်း ကရိန်းကားနဲ့ ဆွဲယူခဲ့ရတယ်” ဟု ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ တိမ်းမှောက်သွားသည့် စစ်ကြောင်းသည် မြဝတီတောင်ပိုင်း ဖလူးနှင့် မင်းလက်ပံဘက်တွင် အထိနာနေသည့် တပ်မ (၅၅) နေရာတွင် အစားထိုး ထိုးစစ်ဆင်ရန် တက်လာသည့် တပ်မ (၂၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
စစ်တပ်သည် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် ရှေ့တန်းစစ် ကြောင်းများသို့ စစ်ကူနှင့် လက်နက်ရိက္ခာများ ပေးပို့နိုင်ရေးအတွက် အဆိုပါ လမ်းကြောင်းကို အသုံးပြု နေစဉ် ယခုကဲ့သို့ ယာဉ်တိမ်းမှောက်၍ ထိခိုက် သေဆုံးမှုများ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
ပုံစာ-ရွေးတုအစိုးရစစ်တပ်ယာဉ်တန်း(ပုံဟောင်း)