ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်
အာဏာသိမ်းစစ်အုပ်စု အမည်ပြောင်း ရွေးတုအစိုးရသည် နိုင်ငံတကာသို့ နိုင်ငံရေးအကျဉ်းသားများအား ဆေးကုသခွင့် လုံလောက်စွာပေးနေဟု လိမ်လည်ပြောဆိုထုတ်ပြန်နေသော်လည်း ၎င်းတို့အာဏာသိမ်း ထားသည့် ၅ နှစ်ကျော်ကြာကာလတွင် ဆေးကုသမှုလုံလောက်စွာမရခြင်းကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၅၀ ဦးဝန်းကျင်ရှိလာပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ထုတ်ပြန်ချက်အရ လိုအပ်သည့် ဆေးဝါးများ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို လုံလောက်စွာမရခြင်း၊ အချိန်မှီဆေးကုသခွင့်မရခြင်း တို့ကြောင့် နိုင်ကျဉ်း ၁၄၈ ဦးမှာ အသက်မဆုံးရှုံးသင့်ပဲ သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ နိုင်ငံတကာအဖွဲ့၊ လူ့အခွင့်အရေး ကော်မရှင်၊ နိုင်ငံတကာသံရုံးများ စသည်တို့မှ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေနေကိုစိုးရိမ်ကြောင်း ထုတ်ပြန်သည့် အခါများတွင် အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာပေးထားကြောင်း ရွေးတုအစိုးရက ပြောဆိုလျက်ရှိသည်။
“သူတို့ဘက်မှာအခုချိန်ထိန်ူင်ငံရေးအကျဉ်းသားမရှိဘူးဆိုပြီး ငြင်းချက်ထုတ်တယ်။ political prisoners မရှိဘူး ၊ဥပဒေချိူးဖောက်လို့တရားရုံးကပြစ်ဒဏ်ချမှတ်ထားတဲ့အကျဉ်းသားတွေပဲရှိတယ်။ နိုင်ကျဉ်းနဲ့အခြားအကျဉ်းသားဆိုပြီးပဲရှိတယ်။ အားလုံးကအကျဉ်းသားတွေပဲဆိုတာ စစ်အုပ်စုရဲ့ တရားဝင် ရပ်တည်ချက်ဖြစ်ပြီး ဒီသဘောထားကို သူတို့ကခုချိန်ထိဆက်လက်ကိုင်စွဲ ထားတုန်း ဖြစ်ပါတယ်” ဟု PPNM တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထင်ရှားသည့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် အရပ်သားအစိုးရလက်ထက်က မန္တလေးတိုင်း ဝန်ကြီးချုပ် ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် ရောဂါပြင်းထန်ချိန်မှသာ ပြင်ပဆေးရုံသို့သွားရောက်ကုသခွင့် ရခဲ့ပြီး စစ်တပ်ကလွတ်ငြိမ်းခွင့်ပြုခဲ့ပြီးနောက် ၂၄နာရီမပြည့်မီ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တွင်ပင် ရောဂါပြင်းထန်မှုကြောင့်ကွယ်လွန်ခဲ့ရသည်။
ယခုကဲ့သို့ အကျဉ်းကျစဉ်အတွင်း သေဆုံးမှုများအပြင် ထောင်မှလွတ်မြောက်ပြီးသော်လည်း ထောင်တွင်း နှိပ်စက်ညှင်းပန်းမှုဒဏ်များကြောင့် နာတာရှည်ရောဂါများရရှိကာ အကျဉ်းထောင် ပြင်ပတွင် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားအများအပြားလည်းရှိကြောင်း သိရသည်။
“ကျန်းမာရေးချို့တဲ့လို့ သေဆုံးတာမဟုတ်ဘူး အကျဉ်းထောင်တွင်းသေဆုံးမှုတွေဖြစ်လာတဲ့အခါ အသက်အရွယ်ကြောင့်ဖြစ်တာ နဂိုရောဂါအခံကြောင့်ဖြစ်တာ ဆေးကုသမှုပေးခဲ့တယ် ဒါကိုပဲ ရောဂါ ဒဏ်မခံနိုင်တာလို့ဖြစ်တာမျိုး အကြောင်းပြချက်ပေးတာတွေလုပ်တယ် ဆရာဝန်တွေရဲ့ကြီးကြပ်မှု အောက်မှာရှိတယ်လို့ရှင်းလင်းပြောဆိုလေ့ရှိတယ်”ဟု PPNMတာဝန်ရှိသူက ဆက်လက်ပြောပြသည်။
ထင်ရှားသည့်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာဖေမောင်စိမ်းသည် ကရင်နီအကျဉ်းထောင်၊ အင်းစိန်အကျဉ်း ထောင်များမှ နှိပ်စက်မှုများကြောင့် အောက်ပိုင်းမလှုပ်နိုင်ပဲ ခါးရိုးတီဘီရောဂါခံစားနေရစဉ် စစ်တပ်က ၂၀၂၅ခုနှစ်၊ ဩဂုတ် ၁၆ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ၃ ရက်အကြာ ဩဂုတ် ၁၉ ရက်နေ့တွင် ရောဂါပြင်းထန်သည့်အတွက် သေဆုံးခဲ့ရသည်။

အလားတူ နိုင်ငံရေးစာပေနယ်ပယ်တွင်ထင်ရှားသည့်ကဗျာဆရာစောဝေ၏ သမီးဖြစ်သူ မရွှမ်းစိမ့် စိမ့်မှာလည်း နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခဲ့ရပြီး ထောင်တွင်း ဆေးဝါးကုသမှု လုံလောက်စွာ မရရှိခဲ့ခြင်းကြောင့် တီဘီ ရောဂါနှင့် အူယောင်ရောဂါများ စွဲကပ်လာပြီး ကျန်းမာရေး အလွန်ဆိုး ရွားခဲ့ရပါသည်။ ကျန်းမာရေး ထိခိုက်မှုများကြောင့် ပြန်လွတ်မြောက်လာပြီး နှစ်နှစ်အကြာ ၂၀၂၅ မတ် ၂၃ရက်နေ့တွင် သေဆုံးခဲ့သည်။
PPNM ၏အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်မှ ၂၀၂၆ ခုနှစ် မေအထိ ၅ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းရှိထောင်ပေါင်း ၃၂ ခု၌ နိုင်ငံရေးအကျဉ်းသားသေဆုံးမှုပေါင်း ၁၄၈ မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်