ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

 

ရွေးတုအစိုးရသည် ကချင်ပြည်နယ်အတွင်း စစ်ရေး၊ လက်နက်ခဲယမ်းနှင့် ထောက်ပံ့ရေး လမ်းကြောင်း များ ပြန်လည် ပုံဖော်ရန်အတွက် မြစ်ကြီးနား-မိုးညှင်း ရထားခရီးစဉ်များကို “တိုင်းကျိုးပြည်ပြု” ခေါင်းစဉ်တပ်ကာ ယမန်နေ့ ဇူလိုင် ၂၁ ရက်တွင် စတင် ပြေးဆွဲခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည့် ရထားစတင် ပြေးဆွဲမှု ပွဲသို့ ကချင်ပြည်နယ် ရွေးတုအစိုးရ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

“စစ်တပ်အနေနဲ့ လက်နက်၊ ခဲယမ်း၊ ရိက္ခာတွေကို အထက်ပိုင်းသို့ သယ်ယူရာမှာ မြစ်ကြီးနားအထိ ကားတန်းလမ်းကြောင်း ခရီးစဉ်သုံးပြီး မြစ်ကြီးနားကနေ မိုးညှင်းအထိကို ရထား အသုံးပြုမှာဖြစ်တယ်” ဟု ကချင် စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရထားခရီးစဉ်များအဖြစ် အမှတ် (၄၉) အဆန် မိုးညှင်း-မြစ်ကြီးနား ရထားသည် မိုးညှင်းမှ နံနက် ၆ နာရီတွင် ထွက်ခွာပြီး မြစ်ကြီးနားသို့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးညှင်း ရထားသည် မြစ်ကြီးနားမှ နံနက် ၆ နာရီတွင် ထွက်ခွာ၍ မိုးညှင်းသို့ မွန်းလွဲ ၁ နာရီတွင် လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။ လမ်းခရီးစဉ်အတွင်း မိုးကောင်း၊ တောင်နီ၊ မင်းကုန်း၊ ဟိုပင်၊ မြို့သစ်ကလေး အစရှိသည့် ဘူတာများ၌ ရပ်တန့်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

တစ်ဖက်တွင်လည်း စစ်တပ်သည် ကချင်ပြည်နယ်နှင့် အထက်မြန်မာပြည် စစ်ရေးအသာစီး ရရှိရန်အတွက် စစ်တပ်သုံး ခဲယမ်း၊ ရိက္ခာနှင့် စစ်ကူများ ထောက်ပံ့နိုင်ရေး ရေကြောင်းလမ်းများကိုပါ အပြိုင်အဆိုင် အသုံးပြုလျက် ရှိသည်။

 

ဗန်းမော်မြို့ဘက်သို့ ဦးတည်မည့် ခဲယမ်း၊ ရိက္ခာနှင့် စစ်ကူ ထောက်ပံ့ရေး စစ်ရေယာဉ်များသည် မန္တလေး ဂေါဝန်ဆိပ်နှင့် သန်လျင် ရေတပ်စခန်းတို့တွင် အခြေပြု ပြင်ဆင်လျက် ရှိသည်။

 

ထို့ပြင် စစ်ကြောင်း လုံခြုံရေးနှင့် ထိုးစစ်အတွက် ရှေ့ပြေး တိုက်ရေယာဉ် စစ်သင်္ဘောနှင့် ကမ်းထိုး ရေယာဉ်တို့သည် လက်ရှိတွင် ရှိမ်းမကား ဧရိယာ၌ ရောက်ရှိ အခြေပြုနေကြောင်း စစ်ရေး သတင်းရင်း မြစ်များ၏ နောက်ဆုံးရရှိထားသော အချက်အလက်များအရ သိရသည်။

 

ဓာတ်ပုံ-ရွေးတုအစိုးရမီဒီယာ၊