ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်
နိုင်ငံခြားငွေ ထွက်မည်ကို စိုးရိမ်ကာ ပိတ်ပင်လိုသည့် ရွေးတုအစိုးရ၏ သွင်းကုန် ကန့်သတ်ချက် များကြောင့် မွေးမြူရေး သွင်းအားစုနှင့် အစာကုန်ကြမ်းများ ရှားပါးလာပြီး ကြက်သားနှင့် ကြက်ဥ ထုတ်လုပ်မှုနှုန်း ထက်ဝက်နီးပါး လျှော့ကျကာ ရန်ကုန်မြို့ရှိ ရပ်ကွက်ဈေးအချို့တွင် ကြက်ဥ အရောင်းပြတ်လပ်လျက် ရှိသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်မှ စတင်ကာ ကြက်ဥတစ်လုံးလျှင် ကျပ် ၆၀၀ မှ ၇၀၀ အထိလည်းကောင်း၊ ကြက် သား တစ်ပိဿာလျှင် ကျပ် သုံးသောင်းအထိ လည်းကောင်း ဈေးနှုန်းများ အဆမတန် မြင့်တက်သွားခြင်း ဖြစ်သည်။ လက်ရှိတွင် ဒိုင်များထံ၌ ကြက်ဥ ဝယ်ယူ၍ မရတော့သဖြင့် ရန်ကုန်မြို့ရှိ ရပ်ကွက်ဈေးအချို့တွင် အရောင်းပြတ်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့အပတ်ကတည်းက အရင်ယူနေကျဒိုင်မှာ ရှာဝယ်ရတာ။ ရတဲ့ဒိုင်ကျတော့လည်း နောက်တစ်ပတ် ရဖို့ မသေချာဘူးလို့ ပြောတယ်။ ပိုဝယ်ထားရအောင်လည်း အများကြီး မပေးဘူး။ အလုံး ၃၀ ပါတဲ့ ၅ ကတ်ပဲ ရတယ်။ အဲဒါတွေ ကုန်သွားလို့ အခု ကြက်ဥ ရောင်းဖို့ မရှိတော့ဘူး။ ဈေးထဲက အခြားဆိုင် တွေလည်း မတင်နိုင်ကြဘူး” ဟု အင်းစိန်မြို့နယ်ရှိ ကြက်ဥ လက်လီရောင်းချသူ ဈေးသည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုကဲ့သို့ ကြက်ဥဈေးနှုန်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်လာရခြင်းမှာ ကာကွယ်ဆေးနှင့် အစာကုန်ကြမ်း သွင်းအားစုများ ရရှိရန် ခက်ခဲခြင်း၊ ယခင်နှစ်များက ဥစားကြက်ပေါက် ထုတ်လုပ်မှု မလုံလောက်ခြင်းနှင့် လွန်ခဲ့သည့် လများအတွင်း ရောဂါကျရောက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် စစ်တပ် မြို့တော်ဖြစ်သည့် ပြင်ဦးလွင်မြို့တွင် ကြက်ဥကို ပိဿာချိန်ဖြင့် ဝယ်ယူရပြီး တစ်ပိဿာ လျှင် ၁၁,၀၀၀ ကျပ်မှ ၁၂,၀၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း မြို့ခံများထံမှ သိရသည်။

အာဏာသိမ်း ရွေးတုအစိုးရသည် နိုင်ငံခြားငွေ သုံးစွဲမှုကို အလွန်အမင်း ကန့်သတ်ထားရာ မူဝါဒ အမှားများကြောင့် သွင်းကုန်များ ပိတ်ဆို့ကာ ပြည်တွင်း၌ ကုန်ပစ္စည်းများ အဆက်မပြတ် ရှားပါးလျက် ရှိသည်။ ပြည်သူများသည် စားအုန်းဆီကို တန်းစီ ဝယ်ယူနေရသည့်အပြင် အခြေခံ စားသောက် ကုန်ဖြစ်သော ကြက်ဥကိုပါ တန်းစီ ရှာဖွေဝယ်ယူရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ရန်ကုန်မြို့ခံများကဆိုသည်။
ကြက်ဥဈေး အဆမတန် တက်လာမှုကို ဖြေရှင်းရန်ဟုဆိုကာ မွေးမြူရေး လုပ်ငန်းရှင်များ၊ ကြက်ဥ ဘဲဥ ရောင်းချသူများ အစုအဖွဲ့က ရန်ကုန်မြို့ရှိ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံ၊ တာမွေ၊ ဗိုလ်တထောင်နှင့် မင်္ဂလာဒုံ စသည့် မြို့နယ် ၉ ခုတို့တွင် ဇူလိုင် ၂၀ ရက်မှ စတင်၍ ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်ဖြင့် တိုက်ရိုက် လှည့်လည် ရောင်းချပေးသော်လည်း လောက်ငမှုမရှိကြောင်း သိရသည်။
နှိုင်းယှဉ်ချက်များအရ ၂၀၂၄ ခုနှစ်တွင် ကြက်ဥတစ်လုံးလျှင် ၃၂၀ ကျပ်မှ ၃၆၀ ကျပ်ကြားသာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ရန်ကုန်စည်ပင်က တစ်လုံးလျှင် ၃၆၅ ကျပ်ဖြင့် ဈေးဝယ်စင်တာများ၌ ရောင်းချ ပေးခဲ့ရပြီး ယခု ၂၀၂၆ ခုနှစ် မိုးရာသီတွင်မူ ကြက်ဥတစ်လုံးလျှင် ၇၀၀ ကျပ်အထိ အဆမတန် ဈေးမြင့် တက်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ – ကြက်ဥ၊ ဘဲဥ ရောင်းချသူများအစုအဖွဲ့၊ ဧရာဝတီတိုင်းမ်