ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

 

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးနှင့် မင်းလက်ပံကျေးရွာ အနီးတစ်ဝိုက် တိုက်ပွဲများ အတွင်း အထိနာခဲ့သည့် ရွေးတုအစိုးရ စစ်တပ်၏ တပ်မ (၅၅) ကို ရှေ့တန်းမှ ပြန် လည်ရုပ်သိမ်းလိုက်ပြီး တပ်မ (၂၂) နှင့် အမှတ်(၁၃) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) တပ်များပါဝင်သည့် စစ်ကြောင်းသစ်များဖြင့် ထိုးစစ်ဆင်မှုကို ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ် များနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

 

မြဝတီအခြေစိုက် ခလရ-၂၇၅ စစ်တပ်၏ ရှေ့တန်းကွပ်ကဲရေးဗျူဟာ၏ ညွှန်ကြားချက်ဖြင့် ဖလူးနှင့် မင်းလက်ပံရွာဘက်တွင် တာဝန်ယူထားသည့် တပ်မ (၅၅) စစ်ကြောင်းများကို ဇူလိုင် ၂၀ ရက်နေ့တွင် အလှည့်ကျ ဆုတ်ခွာစေခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင်လည်း အဆိုပါ တပ်ဖွဲ့ဝင် များကို စစ်သုံးမော်တော်ယာဉ် ၂၀ နီးပါးဖြင့် အာရှလမ်းအတိုင်း ဘားအံမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာ စေခဲ့ကြောင်း ဒေသခံများက ဆိုသည်။

တပ်မ (၅၅) သည် စစ်မျက်နှာတွင် အထိနာပြီး ပြန်လည်ဆုတ်ခွာလာသည့် စစ်ကြောင်းဖြစ်သော်လည်း “စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံသားကောင်း တပ်မတော်သားများအား ဘားအံမြို့နယ်ရှိ နယ်မြေခံတပ်ရင်းတွင် ဂုဏ်ပြုကြိုဆို” ဟူသော ခေါင်းစဉ်ဖြင့် ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

 

“ဇူလိုင် ၁၅ ရက်နေ့လောက်အထိ တပ်မ ၅၅ စစ်ကြောင်း ကျတာ၊ ထိတာနဲ့ တပ်လန့်တာတွေ ရှိခဲ့တယ်။ အဲ့ဒါကြောင့် မြဝတီ ၂၇၅ က ဘားအံဘက်ကို ပြန်ဆင်းခိုင်းတာ။ မင်းလက်ပံဘက်ကိုတော့ စစ်ကြောင်း သစ်ဖွဲ့ပြီး တက်လာလို့ နေရာနှစ်ခုမှာ တိုက်ပွဲ ဖြစ်နေတယ်” ဟု KNLA စစ်ရေးသတင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။

 

ထို့အပြင် ဇူလိုင် ၁၈ ရက်နေ့က တပ်ပြောင်းရန် လာရောက်သည့် တပ်မ (၂၂) ယာဉ်တန်းမှ စစ်ကား တစ်စီးသည် အာရှလမ်းမပေါ်ရှိ ကွမ်းသီးတောကွေ့နေရာတွင် တိမ်းမှောက်ခဲ့သဖြင့် စစ်တပ် တပ်ဖွဲ့ဝင် နှစ် ဦး သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။

 

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့ နယ် ဖလူးနှင့် မင်းလက်ပံရွာဘက်တို့၌ တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လျက်ရှိပြီး စစ်တပ်ဘက်က အင်အားထောင် နှင့်ချီ အသုံးပြုကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကိုပါ အဆက်မပြတ်လုပ် ဆောင်နေသည်။

 

အလားတူ တပ်မဟာ ၅ နယ်မြေ ဖာပွန်-ကတိုင်တိဘက်တွင်လည်း စစ်တပ်က မေလကတည်းက အင် အားအများအပြားဖြင့် နယ်မြေထိန်းချုပ်ရေး စစ်ကြောင်းထိုးလျက်ရှိရာ ကရင်စစ်မျက်နှာပြင်တွင် နှစ်ဘက် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်သည်။

 

ပုံစာ-ကရင်ပြည်နယ် ဘားအံမြို့သို့ ပြန်ဝင်လာသည့် ရွေးတုအစိုးရစစ်တပ် တပ်မ (၅၅) တပ်ဖွဲ့ဝင်များ။