ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ရက်
နိုင်ငံတကာနှင့် အများပြည်သူက ကန့်ကွက်ငြင်းပယ်ထားသည့် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပကာ လွှတ်တော်နှင့် အစိုးရအဖွဲ့ အယောင်ပြ ဖွဲ့စည်းထားသည့် ရွေးတုအစိုးရသည် နိုင်ငံတစ်ဝန်း နယ်မြေစိုးမိုးနိုင်မှု လုံးဝ မရှိတော့ကြောင်းကို ယမန်နေ့ ဇူလိုင် ၂၁ ရက်နေ့က ထုတ်ပြန်သည့် စစ်အုပ်ချုပ်ရေးအမိန့်ဖြင့် ပြသခဲ့သည်။
စစ်ခေါင်းဆောင် ရွေးတုသမ္မတ မင်းအောင်လှိုင် ယမန်နေ့ ဇူလိုင် ၂၁ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သော အမိန့်အရ တိုင်းနှင့် ပြည်နယ် ၈ ခုအတွင်းရှိ ၅၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေး နောက်ထပ် ရက်ပေါင်း ၉၀ အထိ ဆက်လက် သက်တမ်းတိုး သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

“သူတို့ ဘာပဲထုတ်ပြန်ထုတ်ပြန် မြေပြင်မှာ သူတို့ စိုးမိုးအုပ်ချုပ်လို့ မရတော့တာ အမှန်ပဲ။ အတုအယောင် ရွေးကောက်ပွဲလုပ်၊ သမ္မတနေရာယူပြီး လွှတ်တော်ခေါ်ပြနေပေမဲ့ တကယ့်မြေပြင်မှာတော့ စစ်တပ်က ပြည်သူကို နိုင်ထက်စီးနင်း ဖိနှိပ်ဖို့ စစ်အုပ်ချုပ်ရေးအမိန့်ကိုပဲ အားကိုးနေရတယ်ဆိုတာ ဒါက သက်သေပါပဲ” ဟု နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးလိုက်သည့် ၅၈ မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် မြို့နယ်များနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော ဒေသအများစု ပါဝင်နေသည်။ အထူးသဖြင့် အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်စိုးမိုးထားပြီး စစ်တပ် တပ်ဖွဲ့ဝင်များ ခြေချခွင့် လုံးဝမရှိတော့သည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ် ပါဝင်နေသည်။
ထို့ကြောင့် ရွေးတုအစိုးရသည် မြေပြင်တွင် လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကို စာရွက် ပေါ်တွင်သာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ရုံမှအပ အမှန်တကယ် အုပ်ချုပ်နိုင်ခြင်း မရှိတော့သည်မှာ အထင်အရှားပင် ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက ဆိုသည်။
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များကို စစ်တပ် ကာကွယ်ရေးဦးစီးချုပ်ထံ အပြည့် အဝ အပ်နှင်းထားခြင်းသည် ရွေးတုအစိုးရအနေဖြင့် ပုံမှန် အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့် အခြေအနေကို ထင်ဟပ်စေကြောင်း သုံးသပ်ပြောကြားသည်။
ပုံစာ-စစ်ခေါင်းဆောင် ရွေတုသမ္မတ မင်းအောင်လှိုင်နှင့် တပ်ချုပ် ရဲဝင်းဦး။