ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်မြို့မရဲစခန်း ဂိတ်ကင်းကို ယမန်နေ့ ဇူလိုင် ၂၁ ရက် ညပိုင်းတွင် ပြင်းအားမြင့် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Yangon Army (YA) က ထုတ်ပြန်သည်။
ရဲဘော်များသည် ယမန်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် အင်းစိန်မြို့မရဲစခန်း ဂိတ်ကင်း၌ ရဲတပ်ဖွဲ့ဝင်များ ရှိနေစဉ် ပြင်းအားမြင့် မိုင်းတွဲပါ လက်ပစ်ဗုံး နှစ်လုံးဖြင့် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ထိရောက်စွာ ကပ်တွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း YA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့တွင် အတော်အတန် ငြိမ်သက်နေသည့် မြို့ပြပြောက်ကျား စစ်ဆင်ရေးများကို ပြန်လည် စတင်လိုက်ခြင်းဖြစ်ပြီး ရဲဘော်များ ပြန်လည်စုစည်းကာ စစ်ဆင်ရေးများကို ဆက်တိုက် ဖော်ဆောင်သွားဖြစ်ကြောင်း YA တာဝန်ရှိသူက ဆိုသည်။
“ရပ်နေလို့မှ မရတာ။ ကျန်တဲ့သူတွေ ဆက်ပြီး နိုင်တဲ့ဝန် ထမ်းဖို့အားလုံး ရန်ကုန်ကို ပြန်ဝင်နေပါပြီ” ဟု ရှေ့ဆက်ဖော်ဆောင်မည့် စစ်ဆင်ရေးများနှင့် ပတ်သက်၍ YA တာဝန်ရှိသူက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ထို့အပြင်ရွေးတုအစိုးရ စစ်တပ်နှင့် ပတ်သက်သည့် ပစ်မှတ်များ၊ စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲမှတစ်ဆင့် တက်လာမည့် အစိုးရဆိုသူများကိုလည်း ဆက်လက် ၍ အပြင်းအထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army (YA)က အသိပေး ထုတ်ပြန်ထားသည်။